နေပြည်တော် ဇွန် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သောကြောင့် ခေတ်အဆက်ဆက် အစိုးရနှင့် တပ်မတော်က တိုင်းရင်းသား ပြည်သူလူထုနှင့် အတူလက်တွဲ၍ ငြိမ်းချမ်းရေး ရရှိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ အချက်အက်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့မှုများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစိုးရအဆက်ဆက် ကဏ္ဍအလိုက် ဆွေးနွေး အတည်ပြုနိုင်ခဲ့မှုများနှင့် ဆွေးနွေးရန် ကျန်ရှိနေသေးသည့်ကဏ္ဍများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းအလိုက် ခေါင်းဆောင်များအပါအဝင် အဖွဲ့ဝင် ၂ ဦးစီကို ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးခြင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများကို ဆောင်ရွက်ခဲ့မှုများနှင့် တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ စာပေ၊ ယဉ်ကျေးမှု တို့နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ အားပေးဆောင်ရွက်လျက် ရှိသည်များ။
မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ရာသီဥတုဖောက်ပြန်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ပုံဖော် ဆောင်ရွက်လျက် ရှိသည်များ။
မျောက်ကျောက်ရောဂါ စတင်တွေ့ရှိမှု၊ ကူးစက်ပြန့်ပွားမှု၊ ရောဂါလက္ခဏာများနှင့် သတိပြုရမည့်အချက်များ၊ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိဖြင့် သတိပြုလိုက်နာ နေထိုင်သင့်သည့် အချက်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ နိုင်ငံသားတိုင်း ရပိုင်ခွင့်ဖြစ်သည့် ပညာသင်ယူမှု မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဆောင်ရွက်လျက် ရှိသည်များ ကို PowerPoint Presentation ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို အရေးဆောင်ရွက်မှု အခြေအနေများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို PowerPoint Presentation ဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားပြီး သတင်းစာ ရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မျောက်ကျောက်ရောဂါဆိုင်ရာ အချက်အလက်များ၊ စက်သုံးဆီဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၂-၂၀၁၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များ၊ နိုင်ငံရေး ပါတီများအား စစ်ဆေးခြင်း မှတ်တမ်းများနှင့် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။