Skip to main content

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူးအဆင့် အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၁

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဒေသကွပ်ကဲရေးမှူး အဆင့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ်(ကော့စ်ဘဇ္ဇား)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် Najm-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်များအနီး အဆောက်အဦ ဆောက်လုပ်မှုများဖျက်သိမ်းရေး၊ နယ်စပ်ဒေသအတွင်း အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့များ လှုပ်ရှားနေမှု၊ ပစ်ခတ်မှုဖြစ်စဉ်များစသည့် သတင်းများနှင့်စပ်လျဉ်း၍ အပြန်အလှန် သတင်းဖလှယ်ပေးရန်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်များအတွင်းနှင့် နယ်စပ်တစ်လျှောက် နတ်မြစ် ဖြတ်ကျော်သွားလာလှုပ်ရှား၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျူးလွန်မှုများနှင့် ပတ်သက်၍ မြေပြင်သတင်း စုံစမ်းဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ခြံစည်းရိုးအား တရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာတားဆီးပေးနိုင်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များအကြား ပူးတွဲကင်းလှည့်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်ပတ်သက်၍ သတင်းအချက်အလက် ဖလှယ်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံး (မောင်တော-တက္ကနာ့ဖ်) လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ ပိုမိုဖြစ်ထွန်းနိုင်ရေးအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်မည့် ကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ ပြုလုပ်နိုင်ရေး နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့ ကိုယ်စားလှယ်များအကြား လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်