Skip to main content

တက္ကသိုလ်များ၌ ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တက္ကသိုလ်များ၌ ပါရဂူဘွဲ့သင်တန်းများ၊ အသုံးချဘာသာရပ်များ၊ ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် တက္ကသိုလ်များတွင် ပုံမှန်သင်ယူ နေကျ ဘာသာရပ်များအပြင် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုသည့် အသုံးချဘာသာရပ်များ ထည့်သွင်းဖွင့်လှစ်သင်ကြားနိုင်ရေး၊ တက္ကသိုလ်များတွင် ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ် သင်ကြားနိုင်ရေးနှင့် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ)နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) ဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်သင်ကြား နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များကို ညှိနှိုင်း ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း။

တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးနိုင်မည့် အသုံးချဘာသာရပ်များ ဖွင့်လှစ်နိုင်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တိုင်း အသုံးချ ဘာသာရပ်များတူညီ နေရန်မလိုအပ်ဘဲ မိမိတို့ဒေသလိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီရန်လိုအပ်ကြောင်း၊ အသုံးချ ဘာသာရပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆရာ ဆရာမအင်အားနှင့် သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရည်ညွှန်းစာအုပ်များ လုံလောက်မှု ရှိ/မရှိ စိစစ်သုံးသပ်တင်ပြကြစေလိုကြောင်း။

 တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ပါရဂူဘွဲ့ သင်တန်းဖွင့်လှစ်သည့် တက္ကသိုလ်အနည်းဆုံး တစ်ခုရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ အမှန်တကယ် ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံမှု ရှိ၊ မရှိ စိစစ်သုံးသပ်ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က တက္ကသိုလ်အလိုက် အသစ်ဖွင့်လှစ် သင်ကြားရန်လျာထားသည့် ပါရဂူဘွဲ့ သင်တန်းများ၊ အသုံးချဘာသာရပ် သင်တန်းများနှင့် ဝိဇ္ဇာဘွဲ့ (ဥပဒေပညာ) နှင့် ဝိဇ္ဇာဘွဲ့ (စီးပွားရေးပညာ) သင်တန်းများကို ပါမောက္ခချုပ်များ၊ ဘာသာရပ်သင်ကြားရေးအဖွဲ့ ဆော်ဩသူ ပါမောက္ခများနှင့် ညှိနှိုင်းဆွေးနွေး သဘောတူညီခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်