Skip to main content

ပင်လယ်ကမ်းရိုးတန်းမြို့များတွင် ဒီရေတောစိုက်ခင်းနှင့် တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၁

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ ကမ်းရိုးတန်း ရေတိုက်စားမှုနှင့် မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်ရန်၊ ရေနေသတ္တဝါများ၏ဂေဟစနစ်ကို အကာအကွယ် ပေးနိုင်ရန်တို့အတွက် ကမ်းရိုးတန်း ဒေသရှိ မြို့နယ်များတွင် ဒီရေတောစိုက်ခင်းနှင့် တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ခြင်းကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည့် သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သစ်တောသစ်ပင်များအား ထိန်းသိမ်းသွားရန်၊ တစ်ပိုင်တစ်နိုင် တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများနှင့် ကျေးရွာပိုင် ထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ကလောမြို့နယ်အား ထင်းရှူးမြို့တော် ဖြစ်စေရေး၊ ဟဲဟိုး-ဘော်ဆိုင်းလမ်းနှင့် ပင်းတယ-အောင်ပန်း လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ ပြင်ဦးလွင်မြို့နယ်အား ချယ်ရီမြို့တော်ဖြစ်စေရေး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်။

မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း၏ ပထမ(၅)နှစ်တွင် တွေ့ကြုံခဲ့ရသည့် အားနည်းချက် အားသာချက်များကို စိစစ်သုံးသပ်ပြီး ဒုတိယ (၅) နှစ် စီမံကိန်း ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ရေအရင်းအမြစ်များ ထာဝစဉ် တည်တံ့စေပြီး ရေရှည်အသုံးချနိုင်ရန်အတွက် ရေဝေရေလဲ ဒေသများ ထိန်းသိမ်းရေးကို စီမံချက်များချမှတ်၍ ဆောင်ရွက်သွားရန်၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းသတ်မှတ်ခြင်းကိုလည်း ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်။

နိုင်ငံတော်၏ အဖိုးတန် သစ်တောသယံဇာတအရင်းအမြစ်များ ထိခိုက်ပြုန်းတီးမှု မရှိစေရန်အတွက် တရားမဝင်သစ် ခိုးထုတ်မှုလျော့နည်းပပျောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်နှင့် ဌာန၏ ဘဏ္ဍာရငွေ သတ်မှတ်လျာထားချက်ကိုလည်း ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများ၏ ရှင်းလင်းတင်ပြချက်များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်