Skip to main content

Monkeypox ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၃၁

Monkeypox ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် Monkeypox ရောဂါ လက္ခဏာများရှိပါက သတင်းပေးပို့နိုင်ရေးအတွက် Health Declaration Card များတွင် Monkeypox ရောဂါ သံသယရောဂါ လက္ခဏာများကို ထည့်သွင်းထားရှိရေး၊ ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာရေး၊ ရောဂါလက္ခဏာများကို စမ်းသပ်ကြည့်ရှုရေး စသည့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ဖျားခြင်း၊ အနီစက်/ အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းလမ်းညွှန်ကို ပြည်နယ်/ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဖြန့်ဝေခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွင်း Monkeypox ရောဂါ လူနာကို ပထမဦးဆုံးအနေဖြင့် တွေ့ရှိခြင်းဖြစ်စဉ် ဖြစ်ပွားလာပါက ပြင်ဆင်ဆောင်ရွက် ထားရှိမည့် လုပ်ငန်းများနှင့် အခြားသူများသို့ ဆက်လက်ကူးစက်မှုမရှိစေရေး သီးခြားခွဲခြားထားရှိခြင်း၊ အနီးကပ် ထိတွေ့သူများကို စောင့်ကြည့်ခြင်း စသည့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၊ Monkeypox ရောဂါကို အတည်ပြုပေးနိုင်ရေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးနိုင်ရေးနှင့် လူနာကို စနစ်တကျ ကုသပေးနိုင်ရေးအတွက် ကူးစက်မြန်ရောဂါများဆိုင်ရာ ဆေးကုသမှု စီမံခန့်ခွဲရေးကော်မတီ (Emerging and re-emerging infectious diseases clinical management committee)များအား လိုအပ်သလို ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းများ စသည့် လုပ်ငန်းရပ်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်