နေပြည်တော် မေ ၃၁
မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့ဝင်များက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများ ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ တက်ရောက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရန် ရည်မှန်းချက်များ ချမှတ်ထားကြောင်း။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၃ ခုနှစ် ပထမ ငါးနှစ်စီမံချက်ပါ ရည်မှန်းချက် (၆)ရပ်ကို စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ၌ စီမံချက် ဦးစားပေး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသက် ၁၄ နှစ်အောက် ကလေးအလုပ်သမားများနှင့် အသက် ၁၄ နှစ်မှ ၁၈ နှစ်အကြား ကလေးအလုပ်သမားများကို အုပ်စု နှစ်ခုခွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ကော်မတီဝင်များအနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ပထမ ငါးနှစ်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး စီမံချက်တစ်ခုလုံး အောင်မြင်စေရေး အလွန်အရေးပါသည့် အစိတ်အပိုင်းဖြစ်၍ ရလဒ်ကောင်းများရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အမျိုးသားရေးတာဝန်ကို ထမ်းရွက်နေခြင်းဟု ခံယူပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ INGO၊ NGOs များက စဉ်ဆက်မပြတ် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဝင်များနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ရှေ့လုပ်ငန်းစဉ်များအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်