နေပြည်တော် မေ ၃၁
နိုင်ငံတကာ၏ ငွေကြေးဈေးနှုန်းအပြောင်းအလဲများ၊ ကုန်သွယ်မှုဆိုင်ရာများ ကြုံတွေ့နေရသည့် လက်ရှိအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်ရေးအတွက် အရည်အသွေးမြင့်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်သော ထုတ်ကုန်များကို အလေးထား ထုတ်လုပ်ကြရန်လိုကြောင်း၊ ပြည်တွင်းဈေးကွက်ဝေစု ရရှိရေးသာမက ပြည်ပပို့ကုန်အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်အထိ ဝင်ရောက်ရန် မျှော်မှန်းကြိုးပမ်းကြစေလိုကြောင်း၊ မေ ၃၀ ရက် က မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေးကူညီလျက်ရှိကာ အာဟာရပြည့်ဝပြီး ဈေးနှုန်းချိုသာသော မွေးမြူရေးထွက်ကုန်များကို ပြည်သူများ ပေါပေါများများ စားသုံးနိုင်ကြရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ပြည်တွင်းထုတ် နို့နှင့် နို့ထွက်ပစ္စည်းများအပါအဝင် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ် အောင်သာကျေးရွာ မိုးကြိုချည်မျှင် ရှည်ဝါ အထူးဇုန် ဧက ၂၅၀ စံပြကွင်းရှိ ရွှေတောင် ၁၀ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်ပွားများ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရာတွင် အကျိုးဆောင် တောင်သူများ၏ အရေးပါမှု၊ ဝါသီးနှံ၏ ဈေးကွက်အလားအလာနှင့် ဝန်ကြီးဌာနက နည်းပညာနှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြား သည်။
ကြည့်ရှုစစ်ဆေး
အလားတူ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးချိန်အလိုက် ဝါအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုလေ့လာခြင်း၊ အရည်အသွေးကောင်း ဝါမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုနှင့် တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တောင်သူများ စီးပွားရေးတွက်ခြေကိုက်သည့် အထွက်နှုန်းနှင့် ဝင်ငွေရရှိစေမည့် ဝါမျိုးကောင်း မျိုးသန့်များ တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ချက်များ၊ ရေမြေရာသီဥတုနှင့် သီးနှံ၏မျိုးဗီဇအရ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်