နေပြည်တော် မေ ၃၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မေ ၂၉ ရက်တွင် ပခုက္ကူမြို့နယ် ဧရာဝတီတံတား စစ်ဆေးရေးဂိတ်၌ တရားမဝင် သယ်ဆောင်လာသော စက်သုံးဆီ ၂၃၀၀ ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၄၀၀၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၉၁၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ကုန်တင်ယာဉ် တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော Double A တံဆိပ်၊ A4 စက္ကူထုပ်များ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၀၇၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မေ ၃၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရစ္ဆာန်အစာများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၅ ဒသမ ၉၇၂၈ တန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၃၀၃၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၇ ရက်၊ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၃၉၀၅၃၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်