နေပြည်တော် မေ ၃၁
နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာ ကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ပညာသင်ကြားရာတွင်လည်း ကျောင်းနေအရွယ် ကလေးငယ်တိုင်း ပညာသင်ယူခွင့် ရရှိစေရေး မေလ ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေး ကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း စသည်ဖြင့် အင်တိုက်အားတိုက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြို့နယ်ပညာရေးမှူး ဒေါ်အေးသင်းဦးစီး၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်သင်ကြားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီခန့်ထိ ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေးပြုလုပ်ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ပညာဝန်ထမ်းများအတွက် လစာများ ထုတ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ယုတ်မာပက်စက်စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့မိုင်းထောင်ဖောက်ခွဲမှုကြောင့် အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦးတွင် ခါးအောက်ပိုင်း မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး လက်ထောက်မြို့နယ် ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး အခြေခံပညာ မူလတန်းလွန်ကျောင်း (မျက်ချင်းနုကျေးရွာ) ကျောင်းအုပ် ဆရာမကြီးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း ၁၈၇ ကျောင်းရှိ ပြီး ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပေါ် နောင်ချိုမြို့ရှိ PDF အမည်ခံ အကြမ်းဖက်သမားများက ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းစွာ အဖျက်အမှောင့်လုပ်ငန်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ပြုလုပ်ရာတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးကလည်း ၎င်းကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် တစ်ခဲနက် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ ရင်သွေးငယ်များလုံခြုံရေးကို ဝိုင်းဝန်းကူညီ ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။