Skip to main content

နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုအပေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)က ပြင်းထန်စွာရှုံ့ချကြောင်း သဘောထား ကြေညာချက်ထုတ်ပြန်

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်

၂၀၂၂ ခုနှစ် မေလ(၃၁)ရက်

နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရပြီး အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ် ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခြင်းကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့