၁၃၈၄ ခုနှစ်၊ နယုန်လဆန်း (၂) ရက်
၂၀၂၂ ခုနှစ် မေလ(၃၁)ရက်
၁။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက်လည်း အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
၂။ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏အနာဂတ် မျိုးဆက်သစ်ကလေးငယ်များ၏ ပညာရေး နောက်ကျမှုမရှိစေရေး ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
၃။ ဖြစ်စဉ်တွင် အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ၃ ဦး၊ လက်ထောက် မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
၄။ ထိုကဲ့သို့ ပညာရေးဝန်ထမ်းများအပေါ် အကြမ်းဖက်တိုက်ခိုက်ခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)အနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
အလုပ်အမှုဆောင်အဖွဲ့