ရန်ကုန် မေ ၃၀
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (နိုင်ငံအဆင့်) (10th ASEAN Quiz -National Level) ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၃၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အထက-၁ (စမ်းချောင်း)၌ ရေးဖြေစာမေးပွဲဖြေဆိုခြင်းနှင့် မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။
အဆိုပါရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများအား အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအသိုက်အဝန်း (APSC)၊ အာဆီယံစီးပွားရေးဆိုင်ရာ အသိုက်အဝန်း (AEC)နှင့် အာဆီယံလူမှုရေး - ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်း(ASCC) မဏ္ဍိုင်သုံးရပ်တို့၏ တာဝန်ခံ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အဆင့်မြင့်အရာရှိကြီးများ၊ ရန်ကုန်ပညာရေး တက္ကသိုလ် အင်္ဂလိပ်စာဌာနနှင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်ဒိုင်အဖွဲ့က စိစစ်အကဲဖြတ်ပေးကြသည်။
ယနေ့ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူ ၃၄ ဦး၏ ရေးဖြေနှင့် လူတွေ့စစ်ဆေးမှုရမှတ်များအား စုပေါင်းပြီး အမှတ်အများဆုံးရရှိကြသည့် ကျောင်းသား/ကျောင်းသူ ၁၀ ဦးအား အကဲဖြတ်ဒိုင်အဖွဲ့က စိစစ်၍ဆုံးဖြတ်ခဲ့ရာ အထက(၁)ဒဂုံမှ မောင်ဇော်ဘုန်းသန့်၊ အထက(၁)ဘားအံမှ မနှင်းပွင့်အောင်၊ အထက(၁)ဒဂုံမှ မဟေမာန်ဝင့်အောင်၊ အထက(၁)ဒဂုံမှ မစိုးရတီထွန်း၊ အထက (တပ်ကြီး ကုန်း)မှော်ဘီမှ မဟေဝန်းဝဿန်၊ အထက(၁)ဒဂုံမှ မရွှန်းလဲ့ဝေ၊ အထက(၈) အောင်မြေသာစံမန္တလေးမှ မမေသဲဖြူအုန်း၊ အထက(၁)ဒဂုံမှ မောင်ပြည့်စုံ ချမ်းသာ၊ အထက(၁)ဒဂုံမှ မောင်ဟိန်းလင်းထက်နှင့် အထက(၁)ဘားအံမှ မောင်မျိုးဇက်အောင်တို့အားရွေးချယ်ခဲ့သဖြင့် ယင်းကျောင်းသား ကျောင်းသူများသည် ဇွန် ၁ ရက်တွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးရေးအစီအစဉ်ဖြင့် ကျင်းပ ပြုလုပ်မည့် 10th ASEAN Quiz (National Level) ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အာဆီယံဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်၊ အာဆီယံဆိုင်ရာ ဗဟုသုတများကို မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိနားလည်နိုင်စေရန်၊ အာဆီယံနိုင်ငံများအကြား မိတ်ဆွေဖြစ်ဆက်ဆံရေးများ၊ အပြန်အလှန်နားလည်မှုများကို မြှင့်တင်နိုင်စေရန်၊ အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်သူများ အတူလက်တွဲကြိုးပမ်းဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် နှစ်နှစ်လျှင်တစ်ကြိမ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယခုကျင်းပလျက်ရှိသည့် အာဆီယံဉာဏ်စမ်း ပဟေဠိ (နိုင်ငံအဆင့်)ပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသူသုံးဦးတို့မှာ ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်)(10th ASEAN Quiz - Regional Level) ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်