Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများ အစည်းအဝေးတက်ရောက်

နေပြည်တော် မေ ၃၀

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့တွင် Video Conference စနစ်ဖြင့် ကျင်းပသည့် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ အလုပ်သမားဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများ၏ဥက္ကဋ္ဌ အဇာဘိုင်ဂျန်နိုင်ငံ၊ အလုပ်သမားနှင့် လူမှုအကာအကွယ်ပေးရေးဝန်ကြီး H.E. Mr. Sahil Babayev က အဖွင့် မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ခဲ့ပြီး အလုပ်သမားများ အလုပ်အကိုင်ရရှိရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ကျဆင်းခဲ့မှုကို ပြန်လည်ကုစားသည့်အနေဖြင့် နိုင်ငံသားများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး နည်းပညာနှင့် လုပ်သားဈေးကွက်တိုးတက်လာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုအထောက်အပံ့များရရှိနိုင်ရန် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့တွင် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတို့၌ အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း။

ပြည်တွင်း၌ရှိသော အလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးသည့်နည်းတူ ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ဥပဒေနှင့်အညီ ရပိုင်ခွင့်များနှင့်ကာကွယ် စောင့်ရှောက်မှုများ အပြည့်အဝရရှိစေရန် သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော ကိုယ်ဝန်ဆောင်အမျိုးသမီး အာမခံအလုပ်သမား လေးထောင်ကျော်(၄,၀၂၈)ဦးအတွက် ငွေကျပ် (၅၈၅ ဒသမ ၄၇၂) သန်းကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် Quarantine ဝင်ရောက်ရသည့် အာမခံအလုပ်သမားငါးထောင်ကျော် (၅,၁၂၅)ဦးအတွက် ငွေကျပ် (၂၉၂ ဒသမ ၅၇၀) သန်းကိုလည်းကောင်း မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့်အဖြစ် ထောက်ပံ့ပေးခဲ့ကြောင်း။

ထို့ပြင် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလအတွင်း ယာယီပိတ်ထားရသည့် စက်ရုံ၊ အလုပ်ရုံများမှ အာမခံအလုပ်သမား တစ်ဆယ့်ခြောက်သိန်းကျော်(၁,၆၃၄,၁၇၄)အား လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်အဖြစ် စုစုပေါင်းငွေကျပ် (၇၀,၈၂၉ ဒသမ ၇၅၆)သန်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း။

လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (Maternal and Child Cash Transfer Program – MCCT)နှင့် အသက်(၉၀)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်း အစီအစဉ်များအရ လစဉ် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အကျုံးဝင်အသက်ကို (၈၅)နှစ်အထိ လျှော့ချထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်၍ အလုပ်သမားများ၏ အကျိုးစီးပွားများကို ဦးစားပေးမြှင့်တင်ဆောင်ရွက်ပြီး အလုပ်ရှင်များကိုလည်း ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများအချင်းချင်း အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

သတင်းစဉ်