နေပြည်တော် မေ ၃၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြု/သားဖွားသင်တန်း ကျောင်းများသို့ “Initial Accreditation Status” အသိအမှတ်ပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သားဖွားသင်တန်းကျောင်း(နေပြည်တော်) အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအချင်းချင်း သဘောတူညီချက် (Mutual Recognition Arrangements =MRA) အရ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ် Professional တစ်ခုဖြစ်သည့် သူနာပြုများကို ASEAN နိုင်ငံများအတွင်း အပြန်အလှန် ကူးသန်း ဆောင်ရွက်နိုင်ရန် အာဆီယံနိုင်ငံများအားလုံးတွင် သင်ကြားသော သူနာပြုသားဖွားများ၏ သင်ရိုးညွှန်းတမ်း (Curriculum) များနှင့် ကျွမ်းကျင်မှု (Core Competency) များသည် အရည်အသွေး သတ်မှတ်ချက်များ တူညီရမည်ဖြစ်သည့်အပြင် သူနာပြုများကိုမွေးထုတ်သော တက္ကသိုလ်/သင်တန်းကျောင်းများသည်လည်း သက်ဆိုင်ရာနိုင်ငံ သူနာပြု သားဖွား ကောင်စီမှသတ်မှတ်ထားသော သူနာပြုသားဖွားပညာရေးနှင့်လုပ်ငန်း အရည်အသွေး အာမခံမှုရရှိထားသောကျောင်းများ (Accredited Nursing and Midwifery Schools) များဖြစ်ရန်လိုအပ်သည့်အတွက် အရည်အသွေးအာမခံမှု စိစစ်ရေးလုပ်ငန်းစဉ် (Accreditation Process) များ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံတွင်ရှိသည့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် AJCCN (Asean Joint Coordinating Comittee on Nursing) အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီသည် မြန်မာနိုင်ငံရှိ သူနာပြုတက္ကသိုလ်များနှင့် သင်တန်းကျောင်းများကို သူနာပြုသားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေးအာမခံမှု (Accredited Nursing and Midwifery Schools) ရရှိစေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ “Guideline on Standards and Criteria for Accreditation of Nursing and Midwifery Education Programs in Myanmar” ဖြင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကို အရည်အသွေး စိစစ်ခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်း သင်တန်းကျောင်း (၅၃)ကျောင်းအနက် သူနာပြု/သားဖွား သင်တန်းကျောင်း (၈)ကျောင်းတို့ကို ၂၀၂၁ ခုနှစ်အတွင်း Accreditation ဆောင်ရွက်နိုင်ရန် လိုအပ်သော အစီအစဉ်များဆောင်ရွက်ပေးနိုင်ခဲ့ သဖြင့်(၅)နှစ်သက်တမ်းရှိတဲ့ “Initial Accreditation Status” အသိအမှတ်ပြုလွှာများကို ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များကို နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ လုံလောက်စွာ မွေးထုတ်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လတွင် သားဖွားသင်တန်းကျောင်း(၅)ကျောင်းမှ ဘက်စုံသားဖွား (၁၆၅)ဦး တို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရေးအတွက် အလုပ်ခန့်အပ်လွှာများကိုလည်း ပေးအပ်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့်နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အရည်အသွေးပြည့်ဝသည့် သူနာပြု/သားဖွားများကို လေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ကြစေလိုကြောင်းနှင့် နိုင်ငံတော်၏ အကျိုးကိုဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဌမှ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ထံသို့ “Initial Accreditation Status” အသိအမှတ်ပြုလွှာများ ပေးအပ်ခဲ့ပြီးနောက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ အသိအမှတ် ပြုလွှာများပြန်လည်ပေးအပ်သည်။ ထို့နောက် အသိအမှတ်ပြုလက်မှတ်ရ သင်တန်းကျောင်းများ ကိုယ်စား သူနာပြုသင်တန်းကျောင်း (ရန်ကုန်)၊ ကျောင်းအုပ်ကြီး (ဒုတိယညွှန်ကြားရေးမှူး)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်