နေပြည်တော် မေ ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ နည်းပြသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ In person တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ Online ဖြင့် ဆွေးနွေး ပို့ချမည့်နည်းပြများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူတစ်ဦးနှင့်တစ်ဦး ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရသည့်ပညာရပ်များ၊ လူမျိုး၊ ဘာသာစသည်ဖြင့် မတူညီမှုများစွာရှိကြောင်း၊ မတူညီမှုများကိုယိုးမယ်ဖွဲ့ကာ ပူးပေါင်းဆောင်ရွက်မှုမရှိပါက လူမှုသဟဇာတ မဖြစ်နိုင်တော့ပါကြောင်း၊ မတူညီမှုများထဲမှ တူညီသည့်အချက်များမှာ လူတိုင်းလူတိုင်းသည် ကြီးပွားတိုးတက်လိုခြင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းတို့ဖြစ်ပါကြောင်း၊ ယင်းတူညီသည့် အချက်များအပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ပြဿနာမဖြစ်အောင်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်အောင် ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် Social Cohesion၊ Social Harmony ကဲ့သို့သော သင်တန်းများသည် အလွန်အရေးကြီးသည့်အတွက် ယခုသင်တန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များသည် နိုင်ငံတကာအဆင့်မီဘာသာရပ်များဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် နည်းပြသင်တန်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းများသာမက ပြည်သူအများနှင့် ထိတွေ့နေသည့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်းပါဝင်၍ သင်တန်းတက်ရောက်သည့်အတွက် ပြည်သူအကြားအတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင့်ပွားသင်တန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများအား လူကိုယ်တိုင်ဖြင့် ရပ်ရွာအတွင်း ထပ်ဆင့်သင်တန်းများ ပို့ချခြင်းနည်းလမ်းနှင့် Social Media မှတစ်ဆင့် လူတိုင်းနားလည်သဘောပေါက်နိုင်သော အတွေးအခေါ်ဗဟုသုတများဖြင့် မျှဝေခြင်းနည်းလမ်းတို့ဖြင့် အကျိုးရှိရှိပြန်လည် အသုံးချစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
သင်တန်းကို မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်