နေပြည်တော် မေ ၃၀
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်နှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိကာ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင်ရရှိအောင် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးကြိုးစား၍ ပါဝင်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ မိမိတို့၏အရည်အချင်း၊ အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားသမားကောင်းများပီသစွာဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြစေလိုကြောင်း၊ မျိုးဆက်သစ်လူငယ်လက်ဝှေ့ အားကစားသမား ကောင်းများဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းမှာကြားပြီး လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က ပြိုင်ပွဲဝင်အားကစားသမားများကို လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသား(၅၆)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ စောအတစ်နှင့် ရှမ်းပြည်နယ်အသင်းမှ ရှိုင်းငယ်တို့၏ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ အမျိုးသား (၆၀)ကီလိုတန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ နုတ်မာရ်နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စောဘွယ်ကလိုတို့၏ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ သင်းသင်းခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ အေးအေးပြည့်တို့၏ ယှဉ်ပြိုင်ကစားနေမှု တို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်