Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံတွင် အဖွင့်အမှာစကားပြောကြား

နေပြည်တော် မေ ၃၀

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams - MNCOLD) စတုတ္ထအကြိမ် အထွေထွေညီလာခံကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရေချိုသယံဇာတများစွာပေါများပြီး ပြည်တွင်း၌ စီးဆင်းနေသောမြစ်များအနေဖြင့် ဧရာဝတီမြစ်တွင်  ဧကပေသန်း ၂၅၀ ကျော်၊ ချင်းတွင်းမြစ်တွင် ဧကပေ ၁၁၄ သန်းကျော်၊ စစ်တောင်းမြစ်တွင် ဧကပေ ၆၆ သန်းခန့်၊ သံလွင်မြစ်တွင် ဧကပေသန်း ၂၀၀ ကျော် နှစ်စဉ်ပျမ်းမျှ စီးဝင်လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ဧကပေသန်းပေါင်း ၈၇၀ ကျော် နှစ်စဉ်စီးဆင်းလျက်ရှိကြောင်း

အသားတင်စိုက်ဧရိယာပေါ်တွင် ရေသွင်းစိုက်ပျိုး ဧရိယာအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံက (၃၄) ရာခိုင်နှုန်း၊ ဗီယက်နမ်က (၄၉) ရာခိုင်နှုန်း၊ လာအိုက (၂၇)ရာခိုင်နှုန်းနှင့် အိန္ဒိယက (၃၉)ရာခိုင်နှုန်း ရှိနေသည်ကိုတွေ့ရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ရေသွင်းစိုက်ပျိုးသော ဧရိယာမှာ အသားတင်စိုက်ဧရိယာ၏(၂၀) ရာခိုင်နှုန်းကျော်သာရှိ၍ ရေချိုအရင်းအမြစ်များစွာ ရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရေသွင်းစိုက်ပျိုးနိုင်သော ဧရိယာနည်းပါးလျက်ရှိနေပြီး ရှိရင်းစွဲ ရေအရင်းအမြစ်များကို စိုက်ပျိုးရေအဖြစ် ဖော်ထုတ်အသုံးချရန် များစွာလိုအပ်နေသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

အလားတူအဖိုးတန်ရေချို သယံဇာတများကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အသုံးချနိုင်ရန် တည်ဆောက်ထားရှိပြီးဖြစ်သည့် ဆည်တာတမံကြီးများ ဘေးကင်းလုံခြုံပြီး ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေအတွက် အကျိုးပြုနေမှု၊ ဒေသတွင်းနိုင်ငံများ၏ ဆည်တာတမံတည်ဆောက် အသုံးပြုနေမှုတို့ကို လေ့လာချိန်ဆပြီး နောင်လာ နောက်သားများအတွက် ပိုမိုအကျိုးရှိနိုင်မည့် အစီအမံများကို မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (MNCOLD)က ဖော်ထုတ်ပေးရန်လိုကြောင်း၊ ရေခဲတောင် အရည်ပျော်လာမှု၊ မုတ်သုန်ဝင်ရောက်မှု၊ သမုဒ္ဒရာရေမျက်နှာပြင် မြင့်တက်လာမှုစသည့် ပြောင်းလဲလာသည့် ရာသီဥတုအခြေ အနေများ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးဒဏ်များကြောင့် တာတမံကြီးများအပေါ် အကျိုးသက်ရောက်နိုင်မှုများကို စူးစမ်းလေ့လာခြင်း၊ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို အပြည်ပြည်ဆိုင်ရာ တမံကြီးများကော်မရှင် (International Commission on Large Dams - ICOLD) အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ် ပညာရှင်များကိုလည်း နည်းပညာများ မျှဝေလက်ဆင့်ကမ်းပေးရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူးက အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကာ ညီလာခံ၏ အတည်ပြုချက်ရယူသည်။

မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams - MNCOLD) ကို မြန်မာနိုင်ငံအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခန့်တည်ငြိမ်မှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့်လူမှုရေး ပတ်ဝန်းကျင် တို့အပေါ် အကျိုး သက်ရောက်မှု၊ စွမ်းရည်မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအတွက် ကျယ်ပြန့်စွာဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်