Skip to main content

မြန်မာနိုင်ငံအနေနဲ့ ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ပေါင်း ၃၇ မြို့ရဲ့ နှစ်အလိုက် အပူဆုံးနေ့တွေရဲ့ လေ့လာတွက်ချက်မှုတွေအရ ၃၂ မြို့ကတော့ (၁၀) စုနှစ်အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေတာတွေ့ရပါတယ်

ဦးကျော်လွင်ဦး (ညွှန်ကြားရေးမှူး) အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာ့အပူချိန်မှာလည်း မြင့်တက်လာရာလာမည့်အချိန်ကာလများတွင် ဖြစ်ပေါ်နိုင်သည့် မြန်မာ့ရာသီဥတုအခြေ အနေနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာ့အပူချိန်တိုးလာတယ်လို့ သိရပါတယ်။ ဘယ်အချက်တွေက အပူချိန်မြင့်လာစေပြီး ဘယ်လောက်တိုးလာပါလဲ။

အဓိကအချက်ကတော့ လူသားတို့ကြောင့် ကမ္ဘာ့လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့တွေကိုတိုက်ရိုက် (သို့မဟုတ်) နောက်ဆက်တွဲ သက်ရောက်စေတဲ့ အကျိုးဆက်တွေပေါ့၊ ဆက်ပြီးလည်းလူတွေ ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တွေ နှစ်စဉ်တိုးနေတာ ၂၀၁၀-၂၀၁၉ ကာလတွေကအများဆုံးပဲလို့ မကြာသေးမီက ထုတ်ပြန်ထားတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရများအဖွဲ့ (IPCC) ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ ၁၉၅၀ ပြည့်နှစ်များကတည်းက အပူလွန်ကဲမှုတွေက ပိုပြီးအဖြစ်များလာ၊ ပိုပြီးပြင်းထန်လာ တာတွေအပြင် ဒေသအားလုံးကို သက်ရောက်နေပြီဖြစ်ပါ တယ်။ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၅၀ ဒီဂရီအထိ ရောက်ရှိတဲ့ အခြေအနေတွေ ကမ္ဘာ့ဒေသများမှာ ပိုပြီးအဖြစ်များလာတယ်လို့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း ၁၉၈၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ပေါင်း ၃၇ မြို့ရဲ့ နှစ်အလိုက် အပူဆုံး နေ့တွေရဲ့ ပြောင်းလဲမှုအလားအလာကို လေ့လာတွက်ချက်မှု တွေအရ ၃၂ မြို့ကတော့ (၁၀)စုနှစ် အလိုက် အပူဆုံးနေ့တွေ ပိုတိုးလာနေတာတွေ့ရပါတယ်။ အညာဒေသတွေမှာဆိုရင် (၁၀) စုနှစ် အလိုက် နေ့အပူချိန်မြင့်တက်လာတာ ပိုပြီးသိသာ ထင်ရှားတာတွေ့ရပါတယ်။ မြန်မာ့ရာသီဥတု ပြောင်းလဲမှုညွှန်းကိန်းတွေလေ့လာရင်တော့ ပိုပူ လာတာနဲ့ မိုးရွာသွန်းမှု မူမမှန်တာ အဓိကတွေ့ရပါတယ်။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ၃၅ နှစ်လောက်အတွင်း မန္တလေးမြို့ရဲ့ နှစ်အလိုက် ပူပြင်းသော နေ့ပမာဏများ (Amount of hot days) ၁၉၈၇ ခုနှစ်လောက်က တစ်နှစ်တာရဲ့ ၅ ဒသမ ၈ ရာခိုင် နှုန်း လောက်ရှိရာကနေ ၂၀၂၀ ပြည့်နှစ်ကျတော့ ၂၂ရာခိုင်နှုန်းအထိ ပိုများလာတာတွေ့ရတော့ သိသိသာသာ ပိုပူတဲ့ရက်တွေများလာတယ်ဆိုတာ တွေ့ရပါတယ်။

မြန်မာ့ရာသီဥတုမှာ မုတ်သုံလေ မုတ်သုံရာသီဆိုပြီး အဓိကအခန်းကဏ္ဍကပါနေတယ်လို့ ထင်ပါတယ်။ မြန်မာ့ရာသီဥတုအကြောင်းနဲ့ သက်ရောက်စေတဲ့အချက်တွေကို သိပါရစေ။

ထင်ရှားတဲ့ မုတ်သုံရာသီလေမှန်ရရှိတဲ့ ဒေသမှာတည်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ်းရိုးတန်းဒေသတွေမှာ အပူပိုင်းမုတ်သုံ ရာသီဥတုပုံစံ အပါအဝင် Köppen-Geiger ရာသီဥတုပုံစံနဲ့ လေ့လာကြည့်ရင်တော့ ရှစ်မျိုးရှိတာတွေ့ရပါမယ်။ မုတ်သုံရာသီအတွင်းမှာရွာတဲ့ မိုးရေချိန်က တစ်နှစ်ပတ်လုံးရတဲ့ မိုးရဲ့ ၇၅ ရာခိုင်နှုန်းနဲ့အထက်ရှိပါတယ်။ မုတ်သုံကာလ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလ မိုးရွာသွန်းမှုအပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုများပါတယ်။

မိုးဦး မိုးလယ် မိုးနှောင်း အဲဒီလိုကြားသိရတော့ ခုရာသီက မိုးဦးကာလလို့ပြောရမှာလား။ ဒီကာလမှာ မိုးတိမ်တောင်တွေ လျှပ်တစ်ပြက်ဖြစ်ပေါ်တတ်သလို အဲဒီကနေလူသားတွေအတွက် သဘာဝဘေးတွေ ကြုံရတတ်တယ်လို့သိရပါတယ်။ ဘယ်လိုအန္တရာယ်နဲ့ ဘယ်လိုရှောင်ရှားနိုင်မလဲ။

မိုးကြိုကာလပါ၊ အပူဒဏ်အန္တရာယ်နဲ့ မုန်တိုင်းအန္တရာယ်အပြင် လေထုမတည်ငြိမ်မှုများတဲ့ ကာလဖြစ်လို့ မိုးတိမ်တောင်ကြီးတွေ အဖြစ်များတတ်ပါတယ်။ အရွယ်အစားကြီးမားတဲ့ မိုးတိမ်တောင်ကြီးတွေကနေ မိုးသီးကြွေကျတတ်ပါတယ်။ မိုးတိမ်တောင်ကြီးတွေရဲ့ အဓိကလက္ခဏာတွေကတော့ လေပြင်းတိုက်ခတ်တာ၊ ခေတ္တမျှ မိုးသည်းထန်တာ၊ မိုးကြိုးပစ်တာတွေ အဖြစ်များတယ်။ မုန်တိုင်းကြီးတွေရဲ့ အနီးအနားက မိုးတိမ်တောင်ကြီးတွေဆိုရင် အလွန်အားကောင်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှုတွေအထိ ဖြစ်ခဲ့တာတွေရှိပါတယ်။ မိုးခြိမ်းသံကြားရရင် မိမိအနီးအနားမှာ အန္တရာယ်ရှိတဲ့ မိုးတိမ်တောင်ကြီး တစ်ခုရှိနေပြီလို့မှတ်ယူပြီး အန္တရာယ်ကင်း၊ လုံခြုံမှုရှိတဲ့နေရာမှာ နေသင့်ပါတယ်။ မြန်မာနိုင်ငံအတွင်း ပျံသန်းနေတဲ့ ပြည်တွင်း/ပြည်ပလေယာဉ်တွေအတွက် မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်မယ့် အခြေအနေများနဲ့ပတ်သက်ပြီး လေကြောင်းမိုးလေဝသဆိုင်ရာ စောင့်ကြည့်သတိပေးချက် ထုတ်ပြန်မှုတွေလည်း နေ့/ညမပြတ် ဆောင်ရွက်ပေးနေပါတယ်။

မေလ ၂ ရက်ဟာ နာဂစ်မုန်တိုင်းဒဏ် ကျွန်တော်တို့နိုင်ငံမှာ ခံစားခဲ့ရသလို မေလမှာနေ့အပူချိန် မြင့်မားမှုကြုံရပြီး စံချိန်တင်နေ့အပူချိန် တွေရှိခဲ့တော့ဒီနှစ် မေ ၂၀၂၂ ဖြစ်ပေါ်နိုင်တဲ့အခြေအနေ စိုက်ပျိုးတောင်သူအတွက် ဆောင်ရန်ရှောင်ရန်ဌာနက တိုင်းတာရေးလုပ်ငန်းစဉ်နဲ့ ခန့်မှန်းရရှိမှုများကို အွန်လိုင်းရုပ်မြင်သံကြား သတင်းမီဒီယာများမှ ထုတ်ပြန်အသိပေးတဲ့ အကြောင်းပြည်သူကို အသိပေးချင်တာတွေနဲ့ အကြောင်းအရာတွေဖြည့်စွက်ပြောပေးပါ။

ဒီနှစ်ကတော့ နွေရာသီကာလနဲ့ မိုးကြိုကာလတွေမှာ မိုးရွာသွန်းမှုတွေရှိခဲ့လို့ စံချိန်တင်နေ့အပူ ချိန်လွန်ကဲမှုတွေ မရှိသေးတာတွေ့ရပါတယ်။ မုတ်သုံလေဝင်ရောက်နိုင်မှုကလည်း ပုံမှန်ထက် နည်းနည်းပိုစောနိုင်မယ်လို့ မှန်းထားကြပါတယ်။ မုန်တိုင်းဖြစ်ပေါ်နေတော့ မုန်တိုင်းသတင်း၊ သတိ ပေးချက်တွေ ဂရုပြုသင့်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးတွေကိုကြည့်ရင် လတိုင်းမှာတော့ ဘေးတစ်မျိုးစီ အနည်းဆုံးဖြစ်ကြတယ်၊ မေလဆိုရင် မုန်တိုင်းအန္တရာယ်နဲ့ မိုးတိမ်တောင်အန္တရာယ်၊ အပူချိန်မြင့်တဲ့ အန္တရာယ်တွေရှိပါတယ်။ ရာသီအလိုက် ဖြစ်ပေါ်နေမယ့် သဘာဝဘေးတွေရဲ့ ဖြစ်ပေါ်တဲ့ပြင်းအား၊ ဖြစ်တဲ့ကြာမြင့်ချိန်၊ သက်ရောက်မှုဧရိယာ၊ ဖြစ်ပေါ်တဲ့အကြိမ်အရေ အတွက်နဲ့ နောက်ဆက်တွဲဘေးတွေဆက်ပြီး ဖြစ်ပေါ်မှုရှိ/မရှိ၊ ကြိုတင်သတိပေးချက်များ မှန်ကန်မှုနဲ့ထိရောက်တဲ့ ကြိုတင်သတိပေးစနစ် အောင်မြင်မှုရှိ/မရှိပေါ်မှာမူတည်ပြီး ထိခိုက်ဆုံးရှုံးမှု ကွာခြားလေ့ရှိပါတယ်။ ထိရောက်တဲ့ ကြိုတင်သတိ ပေးစနစ်အောင်မြင်မှုရှိရင်တော့ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်လေ့ရှိပါတယ်။

ဌာနအနေနဲ့ အရင်ကထက်စာရင် ဝန်ဆောင်မှုတွေ၊ လေ့လာစောင့်ကြည့်တဲ့စနစ်တွေတိုးတက် လာတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ၂၀၁၀ အောက်တိုဘာလ “ဂီရိ”မုန်တိုင်းကြီး ခန့်မှန်းရေးမှူး တာဝန်ဆောင်ရွက်တုန်းက မုန်တိုင်းရေဒါမရှိဘဲနဲ့ အားကောင်းတဲ့မုန်တိုင်းကြီးရဲ့ အန္တရာယ်ကို သုံးသပ်ပြီး ကြိုတင်သတိပေးချက်တွေ အနီးစပ်ဆုံး မှန်ကန်မှုရှိအောင် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ပေးခဲ့ဖူးပါတယ်။ သဘာဝဘေးတွေကို စောင့်ကြည့်၊ သုံးသပ်၊ ခန့်မှန်းနေတဲ့ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးတွေ မြင့်မားနေဖို့လည်း အရေးကြီးပါတယ်။ အနာဂတ်မှာလည်း ရာသီဥတုလွန်ကဲမှု၊ အစွန်းရောက်မှု၊ မူမမှန်မှုတွေ ပိုပြီးဖြစ်လာနိုင်ခြေများတယ်လို့ တွက်ချက်ရရှိမှုတွေက တညီတညွတ်တည်းပြနေတော့လိုအပ်မယ့် ရာသီဥတုအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ(Climate Actions)တွေနဲ့ ရာသီဥတုပြောင်းလဲလာမှုအပေါ် လိုက်လျောညီထွေ တုံ့ပြန်ဆောင်ရွက်ကြမယ့် လုပ်ငန်းအစီအစဉ်တွေ ကို မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနဲ့အညီ ကဏ္ဍအလိုက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ကြရာမှာ ပိုပြီးအလေးထား ပူးပေါင်းဆောင်ရွက်သင့်ပါတယ်လို့ ယူဆပါတယ်။

နောက်ဆုံးမေးခွန်းအနေနဲ့ လာမယ့်အချိန် ကာလတွေမှာမြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေ နဲ့ပတ်သက်လို့ ခန့်မှန်းချက်တွေ သိပါရစေ။

အနာဂတ်ကာလတွေမှာ မြန်မာနိုင်ငံအနေနဲ့ပိုပူလာမှာနဲ့ မိုးပိုလာမယ့်အခြေအနေတွေ တွက်ချက်ရရှိထားပါတယ်။ အဓိကကတော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပေါ် အခြေခံမှန်း ဆထားတဲ့ (RCP 4.5)နဲ့ (8.5)ကို တွက်ကြတယ်။ မြန်မာ နိုင်ငံအနေနဲ့နေ့အပူချိန်တွေက ဝ ဒသမ ၈ မှ ၂ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန်တွေက ဝ ဒသမ ၈ ကနေ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့ နှစ်စဉ် မိုးရေချိန် ၃၆ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း အထိလာမယ့် ၂၁၀၀ ပြည့်နှစ်မှာ ဖြစ်လာနိုင်တယ်လို့ တွေ့ရတယ်။

မကြာသေးမီက ထုတ်ပြန်ထားတဲ IPCC ရဲ့ ARH 6 တွက်ချက်မှုတွေအရ ၂၀၁၀-၂၀၄၀ ပြည့်နှစ် မှာ မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်က တောင်-အာရှ၊ အရှေ့တောင်အာရှ ဒေသတွေမှာ ပျမ်းမျှအပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ပိုပူလာနိုင်ပြီး နှစ်စဉ်မိုးရေချိန် အနုတ် ၁ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၂ ရာခိုင်နှုန်းခန့် ရှိနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ မိုးရွာသွန်းမှု လေ့လာကြည့်တော့မုတ်သုံ ကာလမှာ မိုးတွေပိုလာပြီး မုတ်သုံပြင်ပကာလ မိုးတွေ၊ ဆောင်းရာသီမိုးရွာမှုတွေ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

လာမယ့် အနီးဆုံးနှစ် ၂၀ ရဲ့ရာသီဥတုမျှော်မှန်း ချက်တွေကလည်း မုတ်သုံမိုးတွေ ပိုလာနိုင်မယ် ဆိုတော့ မုတ်သုံအားကောင်းနိုင်တာ၊ မိုးကြီးတာ၊ ရေကြီးတာဖြစ်နိုင်သလို အပူချိန်တိုးလာရင်လည်း အခုထက်ပူနွေးတဲ့ နေ့ပမာဏတွေများနိုင်တာ၊ ပူပြင်းတဲ့နေ့တွေများနိုင်တဲ့ ရာသီဥတု ဆိုင်ရာ ဘေးတွေဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် မိုးလေဝသနဲ့ ဇလဗေဒကထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေကို စောင့်ကြည့်ပြီးအကြံပြုချက်တွေ လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။ အခုလို သိလိုသမျှ ဖြေကြားပေးမှုကို ကျေးဇူးတင်ပါတယ်။

မင်းထက်အောင်(မန်းကိုယ်ပွား)