Skip to main content

စားသုံးဆီဖူလုံပိုလျှံရေးအတွက် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော် မေ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ထနောင်းကွင်းကျေးရွာအနီးရှိ ဆဒ္ဒန်ရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ စလင်းမြို့နယ် မြောက်ရှားတောကျေးရွာ တောင်သူ ဦးခင်မောင်လွင်၏ မိုးနေကြာစံပြစိုက်ခင်းသို့ ရောက်ရှိပြီး မိုးနေကြာစံပြစိုက်ခင်းနှင့် နှမ်းနေကြာသီးညှပ်စိုက်ခင်းများကို လိုက်လံကြည့်ရှုအားပေးကာ တောင်သူများနှင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန (မျိုးစေ့ဌာနခွဲ) ပွင့်ဖြူမျိုးသန့် စိုက်ပျိုးရေးခြံတွင်လည်းကောင်း ဒေသရေ၊ မြေနှင့်ကိုက်ညီသည့် နေကြာမျိုးသန့်များ အသုံးပြုနိုင်ရေး၊ တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ်ရှိစေမည့် အထွက်နှုန်းရရှိရေး သွင်းအားစုအပါအဝင် လိုအပ်ချက်များ ထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးကွက်လိုအပ်ချက်ရှိနေပြီး တောင်သူအကျိုး အမြတ်ပိုမိုရရှိစေမည့် သီးနှံအထွက်နှုန်းရရှိစေရေးအတွက် မျိုးနှင့်နည်းပညာအပါအဝင် ပညာပေးဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး တောင်သူများအား နေကြာမျိုးသန့်မျိုးစေ့များ ပေးအပ်၍ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)သို့ရောက်ရှိပြီး ဒုတိယဝန်ကြီးက ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကိုတွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ၊ အဆင့်မြင့်ပညာရှင်များ လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းသာမက တွေးခေါ်မြော်မြင်နိုင်စွမ်းနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းမြင့်မားသည့် အသိပညာဖွံ့ဖြိုးရေးကိုပါ အလေးထားပို့ချပေးကြစေလိုကြောင်း၊ ကျောင်းဆင်းမောင်မယ်တိုင်းက စွမ်းရည်ပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများအဖြစ် အနာဂတ်လယ်ယာကဏ္ဍတွင် ထူးချွန်စွာတာဝန်ယူနိုင်ကြစေရေးမျှော်မှန်းဆောင် ရွက်ကြစေလိုကြောင်း မှာကြား၍ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

အလားတူ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု တောင်သူ ဦးမျိုးညွန့်ဦး၏ နွေနှမ်းစံပြစိုက်ခင်း ကိုကြည့်ရှုအားပေးသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တွေ့ဆုံ၍ ရေ၊ မြေ၊ ဒေသနှင့် ကိုက်ညီသည့် မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီပိုလျှံရေးအတွက် ဆီထွက်အများဆုံး သီးနှံဖြစ်သည့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အထွက်ကောင်းပြီး အရည်အသွေးမြင့်မားသော အကျိုးအမြတ်အများဆုံးရရှိမည့်မျိုးများကို ထိရောက်စွာ သုတေသနပြုထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေးနှင့် တောင်သူပညာပေး ဆောင်ရွက်မည့်အစီအစဉ်များကို တွေ့ဆုံဆွေးနွေးသည်။

သတင်းစဉ်