နေပြည်တော် မေ ၂၉
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် ဝင်းဦး မောင်းနှင်ပြီး မမူဒါန်နှင့် တေဇာလင်းတို့လိုက်ပါလာသည့် ပါကျဲရိုးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ယူမာကျေးရွာရှိ စားသောက်ဆိုင်တွင် ဘိန်းဖြူများသယ်ဆောင်ရောင်းဝယ်သူ ထွန်းထွန်းထိုက်နှင့် မနန်းမိုးမိုးအေးတို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ညနေ ၆ နာရီ တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ မအေးပန့်၏နေအိမ်တွင်ကျန်ရှိသည့် ဘိန်းဖြူ ၉ ဒသမ ၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၄၀၀ ကျော် တန်ဖိုး ရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်