နေပြည်တော် မေ ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်မင်းနှင့်အတူ ယနေ့တွင် သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းရှိ ဘွဲ့လွန်အသုံးချရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ကထိကဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ သရေခေတ္တရာဌာနစုမှ ဝန်ထမ်းများကို သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံသည်။
စာများများဖတ်ရန် လိုအပ်
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စာဖတ်ကြရန် အထူးလိုအပ်ကြောင်း၊ သင်ယူလေ့လာမှုကြောင့် တတ်မြောက်ခြင်းသည် အတတ်ပညာတတ်မြောက်ခြင်းသာဖြစ်၍ Wisdom မဖြစ်နိုင်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှုများပြားမှသာလျှင် မိမိကိုယ်တိုင် ဆင်ခြင်ဉာဏ်တိုးတက်ရင့်သန်ပြီး ဆင်ခြင်စဉ်းစားမှုအားကောင်းလာကာ စစ်မှန်သောအသိပညာရှင် Wisdom ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရှင်ဖြစ်စေရန် အဓိကမှာကြားလိုသည်မှာ စာများများဖတ်ရန်လိုအပ်ပါကြောင်း၊ ရှေးဟောင်းသုတေသနပညာသည် မိမိနိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုအမွေအနှစ်သမိုင်းအစဉ်အလာကို ဖော်ထုတ်သင့်သဖြင့် ရှေးဟောင်းသုတေသနဝန်ထမ်းများအနေဖြင့် မိမိအလုပ်ကို လေးစားတန်ဖိုးထားကြရန်နှင့် ပိုမိုတိုးမြှင့်လေ့လာသင်ကြားပေးရန်၊ ဘွဲ့လွန်သင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေးမှာကြားကာ သင်တန်းကျောင်းရှိ စာသင်ခန်းမနှင့် စာကြည့်တိုက်သို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သီရိခေတ္တရာပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သရေခေတ္တရာပျူမြို့ဟောင်း (ရှေးဟောင်းဇုန်)အတွင်းရှိ ဘုရားထောင်ဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဘောဘောကြီးစေတီပေါ်တွင် ပေါက်ရောက်နေသောမြက်များနှင့် ညောင်ပင်များရှင်းလင်းရေး ဆောင်ရွက်ရန်၊ တူးဖော်ရေးကုန်းအမှတ် (HMA-53) ကုန်း၊ ရဟန္တာကန်၊ ရဟန္တာမြို့ ဝင်ပေါက်နှင့် သရေခေတ္တရာနန်းတော်ရာတို့ တူးဖော်သုတေသနလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ရွှေဆံတော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်