Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးနှင့်ဆေးပစ္စည်းများ Mobile Laboratory Vehicles နှစ်စီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm Doses ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းတို့အနက် နောက်ဆုံးအသုတ်သည် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ တွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်နှစ်စီးသည် မူဆယ်နယ်စပ်ဂိတ်မှ ဖြတ်ကျော်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

ယင်းကာကွယ်ဆေးနှင့် ဆေးပစ္စည်းများ၊ ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်များ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုလှူဒါန်းသည့် ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများ၊ Mobile Laboratory Vehicles များသည် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ပြသခြင်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး၏ “China-ASEAN Health Shield” ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက်ကို ထပ်ဆင့်အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရေးနှင့် အရေးပေါ်ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း Doses သန်း ၂၀ ခန့် လှူဒါန်းပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုးအပ်များအပါအဝင် ဆေးနှင့် ဆေးပစ္စည်းများ၊ တရုတ်-မြန်မာ နယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များတွင် အသုံးပြုရန် ရွေ့လျားအမိုးအကာပါဓာတ်ခွဲခန်း၊ လူနာတင်ယာဉ်၊ mobile laboratory vehicles နှစ်စီး အားလှူဒါန်းခဲ့ပါကြောင်း၊ ယခုလှူဒါန်းသည့် ကာကွယ်ဆေးများအား မကြာမီ ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူများကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဒေသများတွင် ကူးစက်ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်ရေးအတွက် ဓာတ်ခွဲခန်းများ ဖွင့်လှစ်လျက်ရှိရာ ယခုလှူဒါန်းသည့် Mobile Laboratory Vehicles နှစ်စီးကို Covid-19 RT- PCR စက်မရှိသည့် နယ်စပ်ဂိတ်များတွင် အဓိကထားအသုံးပြုသွားမည်ဖြစ်သဖြင့် နယ်စပ်ဝင်ပေါက်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို ထိရောက်စွာ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများမြန်ဆန် ချောမွေ့ကာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးဝင်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင်အရေးပါသော မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်မှုဗဟိုဌာန Myanmar Center of Disease Control (CDC) အား နေပြည်တော်တွင် တည်ဆောက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အကူအညီသည် မိမိတို့နိုင်ငံအတွက် လွန်စွာအထောက်အကူပြုပြီး တည်ဆောက်ပြီးစီးပါက ဒေသတွင်းသာမကပဲ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု စင်တာတစ်ခုအဖြစ် လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရောဂါဖြစ်ပွားမှုနှုန်းသည် ၁ ရာခိုင်နှုန်းအောက် ရောက်ရှိပြီဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ချစ်ကြည်ရင်းနှီးစွာ ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းကို အပြန်အလှန်လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီး လှူဒါန်းထားသည့် ကာကွယ်ဆေးများနှင့် Mobile Laboratory Vehicles များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်ဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ကိုဗစ်-၁၉ရောဂါနှင့် ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ထပ်မံ၍ ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ တရုတ်-မြန်မာနယ်စပ် ငှက်ဖျားရောဂါ ကင်းစင်ရေးစီမံကိန်းနှင့် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်