Skip to main content

တစ်နှစ်လျှင် ဆရာ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်ကြားခွင့်ရအောင်ဆောင်ရွက်ပေးနေ

နေပြည်တော် မေ ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ် (၁၀)အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ထားမှုအခြေအနေ၊ တည်ဆောက်ပြီးစီးသည့်ကျောင်းဆောင်၊ ခန်းမဆောင်အခြေအနေ၊ ကျောင်းတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ဇွန် ၂ ရက်တွင် ကျောင်းများဖွင့်လှစ်သည့်အခါ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအားပေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိပြည်နယ်၊ မိမိဒေသတွင်ရှိသည့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင် မိမိတို့ကိုယ်တိုင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် အားစိုက်ပြီး ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုပါကြောင်း၊ ပညာတတ်များပေါများမှသာ နိုင်ငံအဆင့် တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ အရည်အသွေး တိုးတက်ရေးအတွက် အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ပါကြောင်း။

လုပ်ငန်းခွင် ဆရာ ဆရာမ များအနေဖြင့် ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများကို တစ်နှစ်လျှင် ၃၀၀၀ ဝန်းကျင်ခန့်သာ တက်ရောက်ခွင့်ရပါကြောင်း၊ ယခုအခါ တစ်နှစ်လျှင် လုပ်ငန်း ခွင်မှ ဆရာ ဆရာမဦးရေ ၂၀၀၀၀ ကျော်အထိ B.Ed ပညာရေးဘွဲ့ သင်တန်းများတက်ရောက် သင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ မကြာမီ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထွက်တော့မည်ဖြစ်၍ အောင်မြင်သူရှိသလို စာမေးပွဲကျသူများလည်းရှိမည်ဖြစ်ပါကြောင်း၊ စာမေးပွဲကျသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမဖြေဖြစ်သူများ ယခုနှစ်တွင် ပြန်လည်ဖြေဆိုနိုင်ပါကြောင်း၊ စနစ်သစ်ပညာရေးကို ကူးပြောင်း နေချိန်ဖြစ်၍ ယခုပညာသင်နှစ်သည် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပသည့် နောက်ဆုံးနှစ်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်း၏ ကျောင်းဥပဓိရုပ်များ ပြည့်စုံကောင်းမွန်မှုနှင့်အတူ အရည်အသွေးပြည့်ဝသောလူတော် လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်