Skip to main content

သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၉

မြန်မာနိုင်ငံကော်ဖီအသင်းက ဦးဆောင်ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကမ္ဘာ့ကော်ဖီဈေးကွက်၌ အမည်ကောင်းရရှိထားသည့် မြန်မာ့ကော်ဖီကို အရေးပါသည့် တန်ဖိုးမြင့်သီးနှံတစ်ခုအဖြစ် နိုင်ငံတော်ကအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကုန်ချောပြုပြင်ထုတ်လုပ်သူများ၊ ကော်ဖီဖြန့်ဖြူးရောင်းချသူများ ပါဝင်သောအဖွဲ့ဖြင့် ကော်ဖီသီးနှံထုတ်လုပ်မှုနှင့် ဈေးကွက်ရရှိမှု တိုးတက်ရေးကြိုးပမ်းရာတွင် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှုစသည့် လုပ်ငန်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကော်ဖီတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော ထောက်ခံချက်အပြည့်အဝရရှိပြီး အရည်အသွေးမြင့် မြန်မာ့ကော်ဖီအဖြစ် ကမ္ဘာ့နိုင်ငံများတွင် ထုတ်ဖော်ပြသနိုင်ရေးနှင့် ဈေးကွက်ကလိုလားတောင့်တသည့် ကော်ဖီမျိုးဖြစ်အောင် အလေးထားစိုက်ပျိုးထုတ်လုပ်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ကော်ဖီအရည်အသွေးအကဲဖြတ် ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းတို့က အခြောက်စနစ်ဖြင့် ကော်ဖီ ထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများ၊ အစိုစနစ်ဖြင့် ကော်ဖီထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများ၊ အခြားနည်းဖြင့် ကော်ဖီထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယခုပြိုင်ပွဲတွင် လုပ်ငန်းရှင်၂၆ ဦးတို့က စုစုပေါင်း ကော်ဖီ ၄၉ မျိုးကို တင်ပြယှဉ်ပြိုင်ကြပြီး လိုင်စင်ရပြည်ပပညာရှင်နှစ်ဦး၊ လိုင်စင်ရ ပြည်တွင်းပညာရှင်သုံးဦးတို့က ပြိုင်ပွဲဝင်များ တင်ပြလာသည့် ကော်ဖီများ၏ အရည်အသွေး၊ အနံ့အရသာကို နိုင်ငံတကာစံနှုန်းများနှင့်အညီ မြည်းစမ်း စိစစ်ရွေးချယ်ကြခြင်းဖြစ်ကြောင်း၊ အထူးတန်းဝင်ကော်ဖီများအတွက် ထုတ်လုပ်မှုအမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင်နှင့် နောင်ချိုဒေသများမှ ကော်ဖီလုပ်ငန်းရှင်များက ရရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြင်ဦးလွင်ကော်ဖီဥယျာဉ်သို့ သွားရောက်ကြပြီး ကော်ဖီသတင်းအချက်အလက်ဝန်ဆောင်မှုဌာနတွင် ခင်းကျင်းပြသထားသည့် မြန်မာ့ကော်ဖီသမိုင်းနှင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများဆိုင်ရာ မှတ်တမ်းအချက်အလက်များကို လည်းကောင်း၊ ကော်ဖီဆိုင်ရာ အသိပညာပေးစင်တာရှိ ကော်ဖီအကြောင်း သိကောင်းစရာခင်းကျင်း ပြသထားရှိမှုများ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံကော်ဖီအသင်းဝင် ကော်ဖီလုပ်ငန်းရှင်များ ခင်းကျင်းရောင်းချလျက်ရှိသည့် ကော်ဖီဆိုင်ငယ်များ၊ အရိပ်ရပင်များ သဘာဝ စမ်းချောင်းများဖြင့် စိုက်ပျိုးထားသော မျိုးကွဲအုပ်စုအလိုက် ကော်ဖီစိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင် ဒီဇင်ဘာ နို့စားနွား မွေးမြူရေးခြံနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်