နေပြည်တော် မေ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအား ယနေ့နံနက်အစောပိုင်းက အနာဂတ် မျိုးဆက်သစ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုအခွင့်အရေးကို လိုလားမှုမရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီအချိန်တွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါကျောင်းဝင်းအတွင်း အနာဂတ်လူငယ်၊ လူရွယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တည်ဆောက်ထားသည့် သွပ်မိုး၊ RC ၂ ထပ်ဆောင်ဖြစ်သည့် “ခရေဆောင်”၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၂ ထပ် “စွယ်တော်ဆောင်”၊ အဆိုပါကျောင်းဆောင်များအတွင်း ထိန်းသိမ်းထားရှိသည့် စာရေးခုံနှင့် ထိုင်ခုံတွဲဆက်ထားသည့် ထိုင်ခုံ ၆၀ စုံ၊ စာရေးခုံ ၄၀ လုံး၊ ဘီရိုအကြီး ၅ လုံး စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၃၁ သိန်းကျပ်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့အတူ မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်၊ အာဇာနည်လမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားနိုင်မှုအခွင့်အရေးများ ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာသင်ကြားမှုများပေးလျက်ရှိသည့် စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများနှင့် မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။