နေပြည်တော် မေ ၂၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည် ဝန်စည်များနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့စားသုံးဆီ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်း စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်ခွဲသား၊ ကျွန်းသစ်ခွဲသား(ပါကေး)နှင့် ပိတောက်သစ်ခွဲသား ၁ ဒသမ ၈၁၄၈ တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၁၄၈၀၀ နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၀၀၀၀၀၀၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၁၄၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီးသစ်တော ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်ရှိ ကျောက်မဆင်ကြိုးဝိုင်းနှင့် စိုင်းရကြိုးဝိုင်းများအတွင်း တရားမဝင်ကျွန်းသစ်ခွဲသား၊ ပျဉ်းကတိုး သစ်ခွဲသား၊ တောင်သရက် သစ်ခွဲသား၊ သစ်ပုဂံ သစ်လုံးနှင့် ချဉ်ယုတ်သစ်ခွဲသား ၅ ဒသမ ၅၀၂ တန်ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၇၁၈၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇၇၅၉၈၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်