နေပြည်တော် မေ ၂၈
ပြည်တွင်းအထည် ထုတ်လုပ်မှုအတွက် ချည်မျှင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပိုလျှံသည်များကိုပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်၊ ဝါသီးနှံ စိုက်ဧရိယာကို နှစ်အလိုက် တိုးချဲ့သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်ခြံ) ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေးခြံ (လွန်ကျော်ခြံ) တာဝန်ခံတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မျိုးစေ့ထုတ်စိုက်ကွင်းများ စိုက်ပျိုးရေပြည့်ဝစွာရရှိရေး၊ ရေသွင်းမြောင်းများ အဆင့်မြှင့်တင်ရန်၊ ရေတင်စက်များကို ဆိုလာစနစ်တပ်ဆင်အသုံးပြုနိုင်ရန် လိုအပ်ချက်များနှင့် မမျှော်မှန်းနိုင်သော မိုးရွာသွန်းမှုကြုံတွေ့လာပါက သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ရေနုတ်မြောင်းများ တူးဖော်ထားရှိရန် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ပညာရှင်များက ကွင်းဆင်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် ချည်မျှင်ရှည်ဝါစိုက်ဧက (၁၈၀၀၀၀)ကျော်ရှိပြီး ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ တိုးချဲ့သုံးစွဲနိုင်ရန် မျိုးစေ့ထုတ် တောင်သူများနှင့် ပူးပေါင်း၍ ယခုနှစ်မိုးကြို ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက(၃၀၀၀)ကျော် စိုက်ပျိုးထားရှိပြီးဖြစ်ကာ မိုးနှောင်းကာလတွင်လည်း ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက(၃၀၀၀)ကျော် ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး၌ ဝါသီးနှံဧက (၅)သိန်း စိုက်ပျိုး သွားမည်ဖြစ်ပြီး အဆိုပါစိုက်ဧက အားလုံးအတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန ၊ ဝါနှင့်လျှော်မျှင် ထွက် သီးနှံဌာနခွဲက မျိုးစေ့ထုတ်တောင်သူများနှင့် ပူးပေါင်း၍ အခြေခံမိဘ မျိုးစေ့၊ ဆင့်ပွားမိဘ မျိုးစေ့၊ စီးပွားဖြစ် စိုက်ပျိုးရန် မျိုးစေ့ စသဖြင့် မျိုးစေ့ အဆင့်အလိုက် တိုးချဲ့ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ရှိ မြဘုရင် နို့ချက်စက်ရုံသို့ ရောက်ရှိကြပြီး နို့မှုန့်စက်ရုံ၊ နို့ချက်စက်ရုံ၊ နို့ပေါင်းစက်ရုံ၊ တိရစ္ဆာန်အစာ စိုက်ခင်းနှင့် နွားမွေးမြူရေးခြံများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက နို့စားနွားများ၏ နို့ထုတ်လုပ်မှု အရည်အသွေး ကောင်းမွန်ရေးနှင့် နို့ထွက်နှုန်း တည်ငြိမ်မှုရှိစေရန် နို့စားနွား မွေးမြူလုပ်ကိုင်နေသူတောင်သူများအား လိုအပ်သော နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုဂ္ဂလိက နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှုကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်ရေး၊ ဈေးကွက်ဝေစုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို အကြံပြု ဆွေးနွေး မှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စဉ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာရှိ တစ်ဆက်တစ်စပ်တည်း (၃၅)ဧက မိုးနေကြာ မျိုးစေ့ထုတ်စံပြစိုက်ကွင်းတွင် ဒေသခံနေကြာ မျိုးစေ့ထုတ်တောင်သူများအား ရင်းနှီးခင်မင်စွာ တွေ့ဆုံဆွေးနွေးသည်။
စဉ့်ကိုင်မြို့နယ်တွင် ယခုနှစ် မိုးနေကြာ မျိုးစေ့ထုတ် ဧက(၄၀၀) စိုက်ပျိုးပြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် မိုးနေကြာ မျိုးစေ့ထုတ် ဧက(၂၄၀၀) စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)