Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအား တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး

နေပြည်တော် မေ ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ဂေဟာ၊ ဧည့်ခန်းမ၌ ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည် တိုင်းရင်းသားအားလုံး၏ အရေးကိစ္စများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလသည်လည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အတွက် အရေးပါသည့်ကာလဖြစ်ပါကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း လုပ်ငန်းကို လျာထားသတ်မှတ်ချက် ပြည့်မီကျော်လွန်ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်သော်လည်း ဒေသခံတိုင်းရင်းသား များ၏ နယ်မြေဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် နိင်ငံသားကတ်မရှိသေးသူများ ကျန်ရှိနိုင်ပါကြောင်း၊ အဆိုပါ ကျန်ရှိသူများ၏ စာရင်းများကို ကျေးရွာအလိုက် ပြုစုပေးပို့နိုင်ရေးအတွက် ဒေသခံတိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များကို ယခုကဲ့သို့ သီးခြားခေါ်ယူတွေ့ဆုံ အသိပေးပြောကြားရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် အခြားလိုအပ်ချက်များ ရှိပါကလည်း ပွင့်ပွင့်လင်းလင်း ပြောကြားပေးစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံတိုင်းရင်းသား လူမျိုးစုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များက နိုင်ငံသားကတ်ရရှိမှု၊ နယ်မြေဒေသအလိုက် နိုင်ငံသားကတ်မရှိသေးသူများ စာရင်းနှင့် ဆက်လက် ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ဌာနအနေဖြင့် နိုင်ငံခြားသား ထိမ်းသိန်းရေးစီမံခန့်ခွဲမှုစနစ်  အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံသားများအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံ အကျဆုံးဖြစ်သည့် e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများကို နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)