ရန်ကုန် မေ ၂၇
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စေတနာရှင်အလှူရှင်များက ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်-၂၂၈ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌဦးညွန့်ဆွေက မြန်မာနိုင်ငံတွင် ရှင်သန်အောင်မြင်နေသော စာကြည့်တိုက် ၆၀၀၀ ကျော်စာရင်းရှိပါကြောင်း၊ မိမိတို့အနေဖြင့် စာအုပ်များနှစ်စဉ်ဝယ်ယူပြီး ထောက်ပံ့ပေးသကဲ့သို့ ယခုအလှူရှင်များလှူဒါန်းသည့် စာအုပ်များကိုလည်း စာကြည့်တိုက်များသို့ပေးပို့ခဲ့ကြောင်း၊ မိမိတို့ဖောင်ဒေးရှင်းအနေဖြင့်စာကြည့်တိုက်များတိုးပွားရေး၊ စာအုပ်စာစောင်များပေးပို့ရေးတို့ကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာစီးပွားစီမံအမှုဆောင်များအသင်းဥက္ကဋ္ဌဦးမင်းဦးက စာအုပ်များလှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် အလှူရှင်စာရေးဆရာမောင်ရင့်ကျူး (မြောင်းမြ)ကိုယ်စား မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လှူဒါန်းရခြင်းအကြောင်းပြောကြားသည်။ ဆက်လက်၍ မြန်မာစီးပွားစီမံအမှုဆောင်များအသင်းကလှူဒါန်းသော အင်္ဂလိပ်စာအုပ်မျိုးစုံ ၁၉၀၀ နှင့် စာရေးဆရာမောင်ရင့်ကျူး (မြောင်းမြ)က တန်ဖိုး ၄၂၇၅၀၀ ရှိ အနုသယကံ့ကော်စာအုပ် ၁၇၁ အုပ် လှူဒါန်းခဲ့ရာ ဥက္ကဋ္ဌဦးညွန့်ဆွေကလက်ခံရယူကြောင်း သိရသည်။
သတင်းစဉ်