အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ၊ ကျောင်းသားလူငယ်များ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးတို့ကို မြို့နယ်အသီးသီးတို့တွင် ဆောင်ရွက်နေကြသည်။ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတွင် ကျောင်းအဆောက်အအုံ၊ စာသင်ခန်းများနှင့် အိမ်သာ များ သန့်ရှင်းရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အမှိုက်သရိုက်ကင်းစင်ရေး၊ ကျောင်းမုန့်ဈေးတန်းများ သန့်ရှင်းရေးနှင့်အစားအသောက်များ ဘေးကင်းလုံခြုံရေးတို့အတွက် စီမံခန့်ခွဲဆောင်ရွက်ကြရခြင်းဖြစ်ပြီး ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးတွင် လတ်တလောအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်သွေးလွန် တုပ်ကွေးရောဂါတို့ကို ကာကွယ်ရန်ဖြစ်သည်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်သည်။ ယခုအခါ မိုးများရွာသွန်းမှုနှင့်အတူ သွေးလွန်တုပ်ကွေးရောဂါကလည်း လာနေကျအတိုင်းအချို့ဒေသများတွင် ကူးစက်မှုတို့ရှိနေသည်ဟုသိရသည်။ အားလုံးသိပြီးဖြစ်သည့်အတိုင်း သွေးလွန်တုပ်ကွေးသည် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ခြင်ကျားသည်ရေကြည်ရေသန့်တွင် ပေါက်ပွားပြီး နေ့ဘက်တွင်လူကို ကိုက်ခြင်းဖြစ်ရာ ကျောင်းတက်မည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရန်လိုအပ်သကဲ့သို့ပင် ခြင်များမခိုအောင်းနိုင်စေရန် ရှင်းလင်းထားရမည်ဖြစ်သည်။ ကျောင်းသားမိဘများအနေဖြင့်လည်း မိမိတို့၏ကလေးငယ်များ ခြင်ကိုက်မခံရစေရန်အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပေးခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်းတို့ဖြင့် ကာကွယ်ပေးလိုက်ရန်လိုသည်။
သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်ကျားနှိမ်နင်းရေး၊ ပိုးလောက်လမ်းနှိမ်နင်းရေးတို့ကို ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်ကြရန်လိုသည်။ ပိုးလောက်လမ်းနှိမ်နင်းရာတွင် တစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ်ရပ်ကွက်လုံးကျွတ်၊ ရွာလုံးကျွတ်ဆောင်ရွက်ကြရန်၊ ဖုံး-သွန်-လဲ-စစ် လုပ်ငန်းများဆောင်ရွက်ရန်၊ ခြင်ပေါက်ပွားနိုင်သည့် အရာအားလုံးကိုရှင်းလင်းရန်၊ ခြင်ခိုအောင်းနိုင်သည့် ချုံနွယ်သစ်ပင်အမှိုက်သရိုက်များကိုရှင်းရန်၊ မသွန်နိုင်၊ မလှယ်နိုင်သည့် ရေစည်ရေကန်များကိုအဘိတ်ဆေးဟုခေါ်သည့် ပိုးလောက်လမ်းသတ်သည့် ဆေးခတ်ရန် စသည်တို့ကို လူထုစုပေါင်းဆောင်ရွက်ကြရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။ သွေးလွန်တုပ်ကွေးကာကွယ်ရန်အတွက် ခြင်ကိုက်မခံရအောင်ကာကွယ်နေထိုင်ခြင်းနှင့် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းခြင်းတို့ကို အဓိကဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသတိပြုရမည့်အချက်မှာ သွေးလွန်တုပ်ကွေးသည်ရာသီတစ်ခုတည်းတွင်ပင် နှစ်ခါပြန်ဖြစ်နိုင်သည့်အတွက် ပထမတစ်ကြိမ်ဖြစ်ပြီးသွားပြီ ဟုဆိုကာမပေါ့ဆကြရန်နှင့် ပထမတစ်ကြိမ် သွေးလွန်တုပ်ကွေးဖြစ်ဖူးသူနောက်တစ်ကြိမ်ဖြစ်လျှင် ပိုဆိုးတတ်ကြောင်း သတိပေးထားခြင်း ပင်ဖြစ်သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၏ပူးပေါင်းပါဝင်မှုများက လွန်စွာပင်အရေးပါသည့်အလျောက် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်တားဆီးနိုင်ပါစေကြောင်း။ ။
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်