Skip to main content

သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အဆင့် သစ်တောပညာသင်ကြားမှုသည် ၁၉၂၃ ခုနှစ် တွင်စတင်ခဲ့ပြီး ယခုနှစ် ၁၀၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အထိ အရည်အချင်းပြည့်မီသော သစ်တောသိပ္ပံဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပတက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ရရှိခဲ့သူများစွာရှိကြောင်း၊ အစဉ်အလာကြီးမားခဲ့သည့်တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန်ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူတို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် သို့အောင်မြင်စွာရောက်ရှိအောင် ဆရာ/ ဆရာမများ၏ ဆုံးမစကားကိုနာယူ၍ ကြိုးစားအားထုတ်စေလိုကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းသား/ကျောင်းသူများအပေါ် သားသမီးသဖွယ်ကြည့်ရှုစောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင်ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ တက္ကသိုလ်၏သင်ထောက်ကူပစ္စည်းများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးတွင်အသုံးပြုရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အလှူငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ မေးမြန်းဖြည့်ဆည်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်စာသင်ဆောင်များတွင် စာသင်ကြားနေမှု၊ တက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် ကျောင်းသား/ ကျောင်းသူအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသား/ကျောင်းသူများက အဆို/အကများဖြင့်ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပထမနှစ်မှပဉ္စမနှစ်အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။