Skip to main content

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများဆက်လက်လက်ခံ

နေပြည်တော် မေ ၂၇

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၆ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ဆက်လက်လက်ခံဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူမိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ယနေ့အထိကျောင်းအပ်နှံသူ ၃၂၃၀၉၉၉ ဦးရှိပြီး ကျောင်းများ၏လုံခြုံရေးနှင့် ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။