Skip to main content

ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

ရန်ကုန် မေ ၂၇

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအဆင့် မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် စေတီတော်အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အလှည့်ကျသဘာပတိ ဦးတင်ဝက သင်တန်းပြီးမြောက်အောင်မြင်မှုဝမ်းမြောက်ကြောင်းစကားပြောကြားပြီးသင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇဆရာကြီးဦးဟန်က သင်တန်းသင်ကြားပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြဆရာကြီးကိုဂါရဝပြုလက်ဆောင်နှင့်ဆုရသင်တန်းသားများကို ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ကြသည်။ ယင်း‌နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများဝန်ဆောင်မှုပေးရာတွင်လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏တရားဒေသနာတော်များကိုအခြေခံထားခြင်းဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်ကိုက်ညီသောမြန်မာ့ယဉ်ကျေးမှုအလေ့အကျင့်ကောင်းများကို အဆင့်အတန်းမြင့်မားစွာ သိရှိနားလည်လာမည်ဖြစ်သည်။

ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှုသင်တန်းအမှတ်စဉ်(၁) ကို မေ ၁၆ ရက်မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ရာ ရွှေတိဂုံစေတီတော်မှ ဝန်ထမ်း ၃၀ တက်ရောက်ခဲ့ကြသည်၊၊

ကိုကိုဇော်

(သတင်းစဉ်)