နေပြည်တော် မေ ၂၆
အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (အမှတ်စဉ်-၁၀၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းများကို အခြေခံအဆင့်(Grade-1)၊ အလယ်အလတ်အဆင့် (Grade-2)နှင့် အဆင့်မြင့်အဆင့် (Grade-3) အဖြစ် အဆင့်(၃)ဆင့် ခွဲခြား၍ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ စာရင်းပညာနားလည် တတ်ကျွမ်းပြီးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အမှားအယွင်းမရှိ စာရင်းရေးဆွဲဆောင်ရွက်နိုင်ရန်နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ချိန်အထိ အလယ်အလတ်အဆင့်အောင်မြင်သူ ၂၄၇၈ ဦးနှင့် အဆင့်မြင့် အဆင့်အောင်မြင်သူ ၁၃၂၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ဌာန၊ အဖွဲ့အစည်းများတွင် ဘဏ္ဍာရေးဆိုင်ရာ စာရင်းမှတ်တမ်းများ တိကျမှန်ကန်စွာ ရေးသွင်း ဆောင်ရွက်နိုင်မှုသည် မှန်ကန်သည့် မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် ယခုသင်တန်းက သင်ကြားပို့ချပေးမှုများကို အမှန်တကယ် နားလည်တတ်ကျွမ်းသည်အထိ လေ့လာသင်ယူကြရန်နှင့် နိုင်ငံ့အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက်ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် (Grade-2) သင်တန်းတွင် သင်တန်းသား (၁၄၀)၊ အဆင့်မြင့် (Grade-3) သင်တန်းတွင် သင်တန်းသား ၆၈ ဦး စုစုပေါင်းသင်တန်းသား ၂၀၈ ဦး တက်ရောက်ကြမည်ဖြစ်ပြီး ကူးသန်းရောင်းဝယ်မှု အထွေထွေ ဗဟုသုတ၊ စာရင်းကိုင်ပညာ၊ စာရင်းစစ်ဆေးခြင်း၊ တန်ဖိုးတွက် စာရင်းပညာ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဦးစီးဌာန စာရင်းပညာ၊ ပြည်သူ့ဘဏ္ဍာရေးနှင့် စာတိုချုံးနှင့် ရုံးစာရေးနည်းတို့ကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်