နေပြည်တော် မေ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ် ၃ လုံးအား ယနေ့နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်က လာရောက်မီးရှို့သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်စဉ် နတ်အိမ်တောင် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ပုလောကုန်းကျေးရွာအနီးသို့ အရောက်၌ အကြမ်းဖက်သမား အင်အား ၅၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားသည့် နေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံ၍ အကြမ်းဖက်နှိမ်နင်းရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။