Skip to main content

ကြာသပတေးနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၂၆

ကြာသပတေးနေ့ ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က မြန်မာနိုင်ငံအနေဖြင့် အခွန်သက်သာခွင့်နှင့် ပတ်သက်၍ (Regional Comprehensive Economic Partnership- RCEP) တွင် ကျင့်သုံးနေသည့် အခွန်သက်သာခွင့်ဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ဌာနအနေဖြင့် စိစစ်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း RCEP နှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာဖြန့်ဝေပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အများဆုံးတင်ပို့သည့် ပို့ကုန်အမယ် (၁၀) မျိုးနှင့် အများဆုံးတင်သွင်းသည့် အမယ် (၂၀)မျိုးတို့ကို အခြေခံပြီး ဆောင်ရွက်သွားရန်နှင့် နောင်တွင် ကုန်စည်လိုင်းအားလုံးကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership- RCEP) တွင် ပါဝင်သောဘာသာရပ်ဆိုင်ရာ အခန်းကဏ္ဍများ၊ ကုန်စည်ကုန်သွယ်ရေးအောက်တွင် သက်ရောက်မှုရှိသော အကောက်ခွန်သက်သာခွင့်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကို အကျဉ်းချုပ်ဆွေးနွေးခြင်း၊ RCEP၊ အာဆီယံ-တရုတ်နှင့် တရုတ်နိုင်ငံမှ တဖက်သတ်ပေးသော အကောက်ခွန်သက်သာခွင့်တို့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုအပေါ် သုံးသပ်ခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက အကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)