နေပြည်တော် မေ ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် (၂) တပ်မတော်- ရုပ်မြင်သံကြား ထုတ်လုပ်ရေးတပ်မှတပ်မှူးနှင့် အရာရှိများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရုံးအမှတ် (၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံတွင် ဝတ်စုံပြည့်လေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်-၃၏ တင်ဆက်မှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သော ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်ခြင်း၊ အငြိမ့်ဖျော်ဖြေတင်ဆက်ခြင်း၊ ယိမ်းနှင့် ပဒေသာအက ဖျော်ဖြေတင်ဆက်ခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ဖြင့်ပူးပေါင်း၍ ရိုက်ကူးတင်ဆက်လျက်ရှိသည်။ ယခုလေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်အမှတ်-၃ အစီအစဉ် သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ၌ နေပြည်တော်တွင် ခမ်းနားစွာကျင်းပမည့် “(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး”အတွက် ကြိုဆိုဂုဏ်ပြုလှုံ့ဆော်ရေးအဖြစ် ရုပ်မြင်သံကြားအစီအစဉ်များမှ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန် လေ့ကျင့်ဇာတ်တိုက်နေခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေမြန်မာအငြိမ့်အဖွဲ့သားများကို ဂုဏ်ပြုဆုငွေကျပ်ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။ ရွှေမြန်မာ အငြိမ့်အမှတ်- ၃တွင် ခေါင်းဆောင်မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက် မင်းသမီး ဝေဖူးငယ်နှင့် လူရွှင်တော်များဖြစ်ကြသော ဝမ်းတူး၊ လမုန့်၊ ကုလားမ၊ ပြည်ချစ်တို့ပါဝင်ကြပြီး တေးသီချင်းများကို ဂီတဝိဇ္ဇာ အောင်ဝမ်းတူးကရေးစပ်၍ ရွာစားနိုင်လင်းဗိုလ်နှင့်အဖွဲ့က တီးခတ်ထား ကြောင်း သိရသည်။
သတင်းစဉ်