နေပြည်တော် မေ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံကြီးကြပ်ညွှန်ကြားမှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ပါမောက္ခချုပ်က ဦးဆောင်ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းအင်အားဖြင့် ယနေ့နံနက် ၇ နာရီတွင် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်သည်။
ဦးစွာ ကာကွယ်ရေးပညာ ဌာနရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြေလွတ်ဧရိယာစိုက်ကွက် အမှတ်(၃)တွင် စိန်တစ်လုံးသရက်ပင် ၁၇၀ ကိုလည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများက ယောမင်းကြီး ဆောင်ဝင်းအတွင်း စိန်တစ်လုံးသရက်၊ ယိုးဒယားပိန္နဲစသည့် နှစ်ရှည်ပင်များ၊ ပန်းအလှပင်များနှင့် စားပင်၊ သီးပင် ၁၀၀ ကို လည်းကောင်း၊ အဆင့်မြင့်အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများက ကနောင်ဆောင်ဝင်းအတွင်း မက္ကဒေးနီးယား၊ ယိုးဒယားပိန္နဲနှင့်အာဆီယံ သပြေစသည့် နှစ်ရှည်ပင်များ၊ ပန်းအလှပင်များနှင့် စားပင်၊ သီးပင်စုစုပေါင်း ၁၅၀ ကိုလည်းကောင်း စိုက်ပျိုးခဲ့ကြသည်။
ထို့ပြင် ကာကွယ်ရေးပညာဌာန၊ ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြေလွတ်ဧရိယာ စိုက်ကွက်အမှတ်(၁)တွင် ကြိုတင်စိုက်ပျိုးထားရှိပြီးသည့် ပိန္နဲပင် ၁၀၀ နှင့် သြဇာပင် ၂၀၀ အကြားတွင် အိန္ဒိယဒန့်သလွန်ပင်များကို ကြားညှပ်စိုက်ပျိုးခဲ့ကြပြီး နှစ်ရှည်ပင်များနှင့် ရာသီသီးနှံပင်များကို မြေဆွခြင်း၊ မြေပြုပြင်ခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်