နေပြည်တော် မေ ၂၅
နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်းသာယာတင့်တယ်သောဒေသ Green City၊ Clean City၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အပါအဝင် လယ်ယာကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသနေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက်က နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အသားတင်စိုက်ပျိုးမြေဧရိယာ ဧက ၃၂၀၀၀၀ ကျော်၊ ဆည်ကန်ရေလှောင်တမံ ပေါင်း ၃၀ ကျော်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေသည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုရှိပြီး စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသနနှင့် ပညာပေးရေးဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များကို ချိတ်ဆက်ပေးနိုင်သော နယ်မြေလည်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့် ပြည်သူများအလုပ်ကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေးကို ဦးစားပေးထည့်သွင်း ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံများအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ သွင်းအားစုနှင့်အရင်းအနှီး စရိတ်ချေးငွေရရှိရေး စီမံဆောင်ရွက်မှုနှင့်အတူ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများကိုအားပေး၍ မျိုးစေ့ထုတ်ဇုန်များ တည်ထောင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျလှောင်မွေးစနစ်ဖြင့် မွေးမြူလုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေးဇုန်များတွင် မွေးမြူရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်၍ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားနှင့်ဥများ တိုးတက်ထုတ်လုပ်ရေး အားပေးကူညီခြင်း၊ ရေရရှိရေးအတွက် ဆည်တမံရေသောက်စနစ်များ၊ မြစ်ရေတင်စီမံကိန်းများကို အဆင့်မြှင့်၍ သီးထပ်သီးညှပ်သီးနှံများ စိုက်ပျိုးနိုင်ရေး စနစ်တကျ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် စနစ်တကျ စီမံဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမနှင့် အလယ်ရိုးမကြားတွင်ရှိနေပြီး ပေါင်းလောင်း၊ ငလိုက်၊ ဆင်သေ စသည့် သဘာဝချောင်းမြောင်းများနှင့် ကောင်းမွန်သော မြေဆီဩဇာကြွယ်ဝမှု အခြေခံကောင်းများကို အသုံးချပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး၊ တောင်သူနှင့်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော အကျိုးတူကန်ထရိုက် လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရေး၊ ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသဖြင့် အားကောင်းသည့် လယ်ယာစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာရေး၊ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်ငန်းများနှင့်အတူ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံသည့် စက်မှုလုပ်ငန်းများ စနစ်တကျပေါ်ထွက်လာရေးတို့ကို စီမံဆောင်ရွက်ကာ အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုအဖြစ် စိမ်းလန်းသာယာတင့်တယ်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်