Skip to main content

မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအားရှေးရှု၍ အခြေခံပညာစာသင်ကျောင်းများအား မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုကိုလိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကန့်ကွက်စာများရေးသားခြင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ ဖြန့်ဝေမှုများအား တားဆီးနှောင့်ယှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

ယင်းသို့ အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိရာ မေ ၂၄ ရက် ညနေ ၆ နာရီ  ၁၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်းများသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၂ စီးသည် သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရောက်ရှိစဉ်  PDF အမည်ခံအကြမ်းဖက်သမားများက တားဆီးရပ်တန့်၍ ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် စုစုပေါင်းဆာလာအိတ် ၁၅၉၇ အိတ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်အား ကားလမ်းဘေးသို့ချပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး ဆောင်ရွက်နေမှုများအပေါ် ဖျက်လိုဖျက်ဆီးစိတ်ဓာတ်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။