နေပြည်တော် မေ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် - မန္တလေး လမ်းတစ်လျှောက် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများ မရှိစေရေး လမ်းနယ်အမှတ်အသား ကျောက်တိုင်များ တစ်ဖာလုံ တစ်တိုင် စိုက်ထူရန်နှင့် လမ်းနယ်နိမိတ်အစွန် ရေနုတ်မြောင်းများ သတ်မှတ်တူးဖော်ထားရန် တာဝန်ရှိသူ များအား မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး လမ်းမိုင် (၂၀၅-၁/၂) ကြားရှိ သာဝတ္ထိတံတား ကြံ့ခိုင်မှုအခြေအနေကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီး တံတားခံနိုင်ဝန် တန် (၆၀) အထက် ပိုမိုတင်ဆောင်သည့် ယာဉ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးနှင့် တံတားအကျယ် ၄၈ ပေ ချဲ့ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော် လယ်ဝေးမြို့နယ် ကြို့ပင်သာ-ပေါင်းလောင်း (စစ်တောင်းမြစ်) ကူးတံတား တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိပြီး သတ်မှတ်ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ခွဲခြားဆောင်ရွက်ရန်နှင့် လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းတိုးတက်ပြီးစီးမှု ကိုက်ညီမှုရှိရန် တာဝန်ရှိသူများကို မှာကြားကာ အဆိုပြုတံတား အူကြောင်း သတ်မှတ် ရွေးချယ်ထားရှိမှုနှင့် တံတားရေလယ်တိုင်များ ဆောင်ရွက်နေမှုကို စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စစ်တောင်းမြစ်ကူးတံတား (ရုံးပင်-အေးချမ်းသာ) သို့ ရောက်ရှိပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးနှင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးတို့ကို မှာကြားကာ စစ်တောင်းမြစ်ကူးတံတား (ရုံးပင် - အေးချမ်းသာ) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မွန်းတည့် ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းကို ကြည့်ရှုစစ်ဆေးပြီး တံတားအမှတ် (၃/၁၆) အတွက် ချဉ်းကပ်လမ်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ကျည်တောင်-သာယာ ဝှမ်းတံတားနေရာသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်