Skip to main content

မြန်မာ့စွယ်စုံကျမ်း (မူသစ်) အတွဲ-၁ (က-ကုတ်) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

စာဆိုဗိမာန် တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းရန် အကြိုညှိနှိုင်းဆွေးနွေး

ရန်ကုန် မေ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်) စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေပညာရှင်ကြီးများ၊ ထွန်းဖောင်ဒေးရှင်း မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စာအုပ် မိတ်ဆက်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စွယ်စုံကျမ်း အောင်မြင်စွာ ထုတ်ဝေနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စာပေဗိမာန်တည်ထောင်စဉ်ကပင် မြန်မာ့စွယ်စုံကျမ်း ထုတ်ဝေရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၁၉၅၄ ခုနှစ်တွင် မြန်မာ့ စွယ်စုံကျမ်း အတွဲ -၁ ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ (က မှ အ) အထိ မြန်မာ့စွယ်စုံကျမ်း (၁၅)တွဲကို ၁၉၅၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ၂၂ နှစ်ကြာမျှ ပြုစုဆောင်ရွက်ခဲ့ကြပြီး ယခုအခါ အဆိုပါစွယ်စုံကျမ်း (၁၅)တွဲကို ခေတ်နှင့်အညီ ဖြည့်စွက်မွမ်းမံ၍ (မူသစ်) ပြန်လည်ထုတ်ဝေရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ပူးတွဲကာ ပါဝင်အားဖြည့်ကူညီရန် စိတ်အား ထက်သန်စွာ ကမ်းလှမ်းလာသူမှာ ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းထွန်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ်မှစ၍ လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း။

မကြာမီက ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း ကွယ်လွန်သွားသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ၎င်းကွယ်လွန်သွားခြင်းသည် မိမိတို့ နိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဘက်တွင် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ်ပင်ဖြစ်ပါကြောင်း။

ယခုစွယ်စုံကျမ်း ပြုစုရာတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ လုပ်ငန်းခွဲဝေမှု မူဘောင်ဆိုင်ရာ လက်မှတ်ရေးထိုးပွဲကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၄ ရက်တွင် စာပေဗိမာန်ရုံး၌ ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်ကလည်း ခေတ်စနစ် ပြောင်းလဲလာသည်နှင့်အမျှ လုပ်ထုံးလုပ်နည်းများကိုပါ လိုက်ပါပြောင်းလဲပြီး အဆိုပါကျမ်းကြီး ကို အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြစ်အောင် ဦးဆောင်ကော်မတီ၊ စာတည်းအဖွဲ့တို့ဖြင့် ဆောင်ရွက်ခဲ့ရာ အတွဲ -၁ (က - ကုတ်) ကို ယနေ့ အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ထွန်းဖောင်ဒေးရှင်းနှင့် လက်တွဲဆောင်ရွက်ခွင့်ရသည့်အတွက် များစွာတန်ဖိုးထားပါကြောင်း၊ ယခု အတွဲ-၁ (က- ကုတ်)တွင် တည်ပုဒ်အကြောင်းအရာနှင့် Glossary များ အပါအဝင် စာမျက်နှာ ၅၀၀ ခန့်ရှိပြီး အက္ခရာ (က-ကုတ်) အထိ အကြောင်းရပ်တည်ပုဒ်ပေါင်း ၄၂၅ ပုဒ် ရှိပါ ကြောင်း၊ ပြည်တွင်းပြည်ပနှင့်ဆိုင်သော ရောင်စုံဓာတ်ပုံ၊ မြေပုံပေါင်း ၅၀၀ ခန့်ကိုလည်း ဝေဝေ ဆာဆာဖြင့် စိတ်ဝင်တစားဖတ်ရှု ချင်ဖွယ်ဖြစ်အောင် ထည့်သွင်းဖော်ပြထားပါကြောင်း။

ယခင်စွယ်စုံကျမ်း အတွဲ (၁၅) ကို ခေတ်စနစ်နှင့်အညီ ပြန်လည် ပြုပြင်ထုတ်ဝေပါက (၂၅)တွဲခန့် ခန့်မှန်းထားသောကြောင့် ကျန်အတွဲများကိုလည်း ယခုအတွဲ -၁ (က-ကုတ်) ကဲ့သို့ အောင်မြင်စွာထုတ်ဝေသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ထွန်းဖောင်ဒေးရှင်း မိသားစုကိုယ်စား သားဖြစ်သူ ဦးသန့်ဇင်ထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဦးသန့်ဇင်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ခန်းမပြင်ပ၌ ခင်းကျင်းပြသထားသည့် မြန်မာ့စွယ်စုံကျမ်း စာအုပ်များကို လှည့်လည် ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စာပေပညာရှင်ကြီးများနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရန်ကုန်မြို့၌ စာဆိုဗိမာန် တည်ဆောက်ရေးအတွက် အဖွဲ့ ဖွဲ့စည်းရေးအကြို ညှိနှိုင်းဆွေးနွေးသည်။ 

နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မြန်မာ့ယဉ်ကျေးမှုနှင့် ဆီလျော်သည့် နိုင်ငံတကာ အဆင့်မီ စာဆိုဗိမာန် အဆောက်အအုံကို ရန်ကုန်မြို့၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအကျိုးပြု စာပေပညာရှင်များနှင့် သက်ဆိုင်သည့် စာအုပ်စာပေ ဓာတ်ပုံမှတ်တမ်းများ၊ ရုပ်တုများ စုစည်းထားရှိရန်၊ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန်နှင့် ပြည်သူများ စိတ်အပန်းဖြေ လေ့လာနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသည့် စာပေပညာရှင်များ ဖြစ်ကြသည့် ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး (၁ ))၊ ဦးစိန်လှိုင် (ဆရာသူရဇော်)၊ ဦးမောင်မောင်ဦး(ဟိန်းလတ်)နှင့် ဦးကြည်ဝင်း (လောကအမွန်) တို့က စာဆိုဗိမာန်တည်ဆောက်ရေးနှင့် ပတ်သက်၍ မြေနေရာ ရွေးချယ်ထားမှု အဆောက်အဦပုံစံ (အကြမ်း)၊ ထားရှိမည့် အခန်းပုံစံ (အကြမ်း)၊ ဆွေးနွေးအကြံပြုနိုင်မည့် ပညာရှင်များနှင့် အဖွဲ့ များ ဖွဲ့စည်းရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ပဏာမညှိနှိုင်း ဆွေးနွေးကြသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြေနှစ်ဧကပေါ်တွင် စာပေပညာရှင်များအတွက် စာဆို ဗိမာန်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စာဆိုဗိမာန်ကြီး နိုင်ငံတကာအဆင့်မီ ပေါ်ပေါက်လာရေးအတွက် စာပေပညာရှင်ကြီးများ စုံစုံလင်လင်ဖြင့် ထပ်မံညှိနှိုင်းဆွေးနွေးခြင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်