နေပြည်တော် မေ ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၁ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတိုသံစ(အဟောင်း)များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကားအပိုပစ္စည်းများနှင့် ဟော့ပေါ့ဆိုင်သုံး ပစ္စည်းအမျိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၈၇၄၉၇)၊ Wheel Loader လုပ်ငန်းသုံး ယာဉ်အဟောင်းတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso အမျိုးအစား ၁၂ ဘီးကုန် တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၈၇၄၉၇ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် ရေနံချေး ၇၀၀၀ ပိဿာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တရားမဝင် ဂျုံမှုန့်အိတ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀၀၀၀၀ အား သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မေ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်ခွဲသား၊ ဒွနီသစ်ခွဲသားနှင့် ကညင်သစ်ခွဲသားများ ၃၈ ဒသမ ၁၈၅၆ တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၃၉၇၃၁၈) ကို သစ်တောဥပဒေအရ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက ဒိုက်ဦး-စစ်တောင်းကားလမ်း (ဗျူဟာလမ်း) မိုင်တိုင်အမှတ် (၇/၀)၌ TOYOTA အမျိုးအစား Mjar နှင့် RACITS (လိုင်စင်မဲ့) မော်တော် ကားနှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၉၇၃၁၈ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မေ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၃၈၄၈၁၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်