နေပြည်တော် မေ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အင်ကျယ်ကျေးရွာရှိ ပုသိမ်ကြီး လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်းကျောင်းများတွင် သင်တန်းသားများ စည်းကမ်းတကျရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး၊ သင်တန်းကျောင်းလက်စွဲပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်သူများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ရေး၊ ကျောင်းသားများ အားကစားအတွက် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် သင်တန်းကျောင်း မြေဧရိယာကို ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများ သင်ယူပို့ချပေးနေမှု အခြေအနေနှင့် စာတတ်မြောက်နိုင်ရေး သင်ယူပို့ချပေးနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်းအဆောင်များတွင် တာဝန်ယူလုပ်ဆောင်နေရသော ဝန်ထမ်းများ တွေ့ကြုံရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး မေးမြန်းပြီး ကျောင်းပြင်ပ ပညာရေးအတွက် တက်ကြွစွာ သင်ယူတတ်မြောက်နိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များအတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ သင်ယူပို့ချပေးနေမှု အခြေအနေများနှင့် သင်တန်းသားများ၏ စားသောက်နေထိုင်မှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ မသန်စွမ်း သက်ငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး သင်တန်းကျောင်းမှ ထွက်ရှိသည့် လက်မှုပစ္စည်းများ ဈေးကွက်ဝင်စေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် သင်တန်းကျောင်းအတွက် ဖြည့်ဆည်းပေးရမည့်အချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့်အတူ ချမ်းအေးသာစံမြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဌာနမှ သင်တန်းသူများ သင်ယူလေ့ကျင့် ဖွင့်လှစ်ထားရှိသည့် ခရေရိပ် အလှပြုပြင်ဆိုင်သို့ ရောက်ရှိကြပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနအတွင်း အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ သင်တန်းကျောင်းမှ ပို့ချပေးနေသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအားလုံးကို အမှန်တကယ် တတ်မြောက်ကျွမ်းကျင် အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်