Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ဂေါပကအဖွဲ့နှင့်တွေ့ဆုံ

ရန်ကုန် မေ ၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲ ၃ နာရီတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးမှာကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွှေတိဂုံစေတီတော်ရှိ ဝန်ထမ်းများ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ကြရေး၊ ဝန်ထမ်းများခန့်ထားရာ၌ စည်းမျဉ်းနှင့််အညီ ဆောင်ရွက်စေရေး၊ စေတီတော်ရင်ပြင်ရှိ ဟောင်းနွမ်းနေသော ပန်းပုရုပ်တုများကို အသစ်ပြန်လည်ပြုပြင်ရေး၊ ပန်းပုရုပ်တု အဟောင်းများကို ပြတိုက်၌ ခင်းကျင်းပြသနိုင်ရေး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွှေသင်္ကန်း ကပ်လှူရေးဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လှည့်လည်ဖူးမြော် ကြည်ညိုကြကြောင်း သိရသည်။

သတင်းစဉ်