Skip to main content

ရွှေဘို-မန္တလေးကားလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော် မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွှေဘို-မန္တလေးကား လမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား မေ ၂၁ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ထိခိုက်ပျက်စီးကာ ခရီးသည် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလေးမြို့ ညောင်ပင်သာရပ်ကွက်နေ ဦးနေဇော်လတ် (၃၅)နှစ် မောင်းနှင်သည့် High Class ခရီးသည်တင် မော်တော်ယာဉ်သည် ခရီးသည် ၂၃ ဦး တင်ဆောင်ကာ မန္တလေးမြို့မှ ကလေးမြို့သို့ ရွှေဘို-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာစဉ် နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဝက်လက်မြို့နယ် လှတောကျေးရွာအဝင် ရွှေဘို-မန္တလေး ကားလမ်းမကြီး မိုင်တိုင်အမှတ် ၅၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံ အကြားအရောက်၌ လမ်း၏ယာဘက်ဘေးမှ အကြမ်းဖက်သမားများက လက်လုပ်မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ရှေ့၊ ဝဲ၊ ယာ လေကာမှန်များ ကွဲအက်ကာ ယာဉ်ကိုယ်ထည်တို့ ထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများကို ဆေးကုသမှု ခံယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်