Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် မေ ၂၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ)၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့်မော်တော်ယာဉ် ၁၃ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၀၆၅၁၅၄)ကိုလည်းကောင်း၊ FDA ထောက်ခံချက်မရရှိသော ကိုဗစ်-၁၉ ကာကွယ်ရေးဆက်စပ်ပစ္စည်းများဖြစ်သည့် လက်သန့်ဆေးများနှင့် Test Kit များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၇၃၆၂၇၈)ကိုလည်းကောင်း အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့မှစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၁၉ ရက်တွင် သွင်းကုန်ကြေညာလွှာ (ID) တွင်‌ ကြေညာထားခြင်းမရှိသောဆောက်လုပ်ရေးလုပ်ငန်းသုံး မှန်ချပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၁၀၈၁၂)ကိုလည်းကောင်း၊ မေ ၂၀ ရက်တွင် သွင်းကုန်ကြေညာလွှာ(ID)တွင်‌ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၉၄၈၀၀) ကို လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၆၀၅၆၁၂) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီးသစ်တောဦးစီးဌာနဦး‌ဆောင်သော ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့ကစစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် တောင်ဇာမရီကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းခွဲသားနှင့် ပျဉ်းကတိုးခွဲသား ၇ ဒသမ ၀၀၇၂တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၅၈၀၃၂) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၁၆၅၀၇၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်