Skip to main content

ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

မြန်မာတို့၏ ၁၂ လရာသီတွင် ကဆုန်လသည် အပူဆုံးလတစ်လဖြစ်သည်။ မြန်မာတို့၏ ဆိုရိုးစကားအရ တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်လောက်အောင် ပူပြင်းပါသည်။ အပူဆုံးလတွင် မြတ်ဗုဒ္ဓဂုဏ်တော်ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မြတ်ဗုဒ္ဓ၏ကိုယ်ပွား ပရိဘောဂစေတီထိုက်သော ဗောဓိပင်တွင် ရေစင်ရေအေး သွန်းလောင်းပေး၍ နှလုံးစိတ်ဝမ်းအေးချမ်းသာယာအောင် ဆောင်ကြဉ်း ရမည်ဖြစ်သည်။

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် အစဉ်အလာအားဖြင့် ပြုလုပ်ကြသော ဝိသေသလက္ခဏာမှာ ညောင်ရေသွန်းလောင်းခြင်းဖြစ်သည့်အပြင် မြတ်ဗုဒ္ဓ၏ထူးခြားသော အနှစ်သာရများကိုလည်း ရည်မှန်းပူဇော်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်သင့်ကြပေသည်။ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ပူဇော်ထိုက်သည့် ဖြစ်စဉ်လေးရပ်ရှိသည်။ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဟူ၍ နေ့ထူးလေးရပ်ရှိပါသည်။ မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်တော်တွင် အစအလယ်အဆုံး ပါဝင်နေသည့် ဤနေ့ဤရက်သည် အထူးမြတ်ဆုံးနေ့ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ကဆုန်လပြည့်နေ့ကို “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်၊ မြတ်နိဗ္ဗာန်” ဟူ၍ အမှတ်အသားပြုကြပါသည်။ ယင်းကို အားလုံးပေါင်းစု၍ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဟု သတ်မှတ်မှုပြုကြပါသည်။ ဤနေ့တွင် မြန်မာပြည်၌သာမက အခြားထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများ၊ မြတ်ဗုဒ္ဓကို ယုံကြည်ဆည်းကပ် ကြည်ညိုကော်ရော်သော ကမ္ဘာတစ်ဝန်းရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးတို့က ကောင်းမှုကုသိုလ် ပူဇော်ထူးကို ပြုလုပ်ကြသည်။

ယနေ့အချိန်အခါတွင် ညောင်ရေသွန်းပွဲတော်ကဲ့သို့ အလားတူကောင်းမှု အထူးများသည် အခြေအနေအကြောင်းအမျိုးမျိုးတို့ကြောင့် ရှေးယခင်နှင့်မတူ အားနည်းသွားသည်ဟု ယူဆရပါသည်။ ထို့ကြောင့် အပူဆုံးကာလကဆုန်လတွင် သစ်ပင်ပန်းမန်တို့ အပူရှိန်ကြောင့် ခြောက်သွေ့ကြရာ ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်း၍ ပြန်လည်လန်းဆန်းလာသကဲ့သို့ မြတ်ဗုဒ္ဓ၏ နေ့ထူးရက်မြတ်များ၌ အစဉ်အလာအားဖြင့် ပြုလုပ်လေ့ရှိသည့် ထုံးတမ်းဓလေ့များကို ပေါင်းရုံးညီညာ စုပေါင်းကာဖြင့် ပြုလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများဝေဆာလာပြီး အေးချမ်း သာယာဝပြောလာမည်ဖြစ်သည်။

ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကိုယ်စားပြုသည့် ဗောဓိရွှေညောင်ပင်ကြီး အညွန့်တလူလူဝေပြီး စိမ်းစိုလန်းဆန်းနေစေရေးအတွက် ကဆုန်လပြည့်နေ့တွင် စုပေါင်းညီညာ ရေစင်သွန်းလောင်းသကဲ့သို့ ဘာသာသာသနာ အသွေးအသား မခန်းခြောက်အောင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က စုပေါင်းဆောင်ကြဉ်းကြဖို့လိုအပ်ပါသည်။ ဗုဒ္ဓသာသနာကို ကိုယ်စားပြုသည့် ဗောဓိညောင်ပင် အညွန့်တလူလူနေစေဖို့ ယနေ့မှစ၍ အနာဂတ်ကာလတိုင် သာသနာတော်ကို စောင့်ရှောက်ကြမည့် အမျိုးကောင်းသားသမီးများ အစဉ်အဆက်ပေါ်ထွန်းနေစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ယခုအခါတွင် ဘာသာသာသနာကို နှောင့်ယှက်ဖျက်ဆီးနေသော အဓမ္မဝါဒီများပေါ်ပေါက်နေသဖြင့် အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဗုဒ္ဓသာသနာတော်အပေါ်တွင် ကြည်ညိုစိတ်ရင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများတိုးပွားလာဖို့ ကြိုးစားကြရမည်ဖြစ်သည်။

အနာဂတ်ကာလတွင် အရာရာကို ပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်လူရွယ်များ၏ အခြေခံစိတ်ရင်းများတွင် မြတ်ဗုဒ္ဓ၏အဆုံးအမများနှင့် ထုံမွမ်းနေသော ကောင်းသော အစဉ်အလာများ လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်ရန် လိုအပ်ပါသည်။ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်ကဲ့သို့ ဘာသာရေးကို အခြေခံသည့် ကောင်းသော အစဉ်အလာများကို လူငယ်လူရွယ်များကျယ်ကျယ် ပြန့်ပြန့်ပါဝင်လုပ်ဆောင်လာအောင် စီမံဆောင်ရွက်နိုင်လျှင် လောကပတ်ဝန်းကျင်နှင့် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာဝပြောလာမည်ဖြစ်သည်။ ကောင်းမှု ကုသိုလ်များ ဝေဆာလာမည်ဖြစ်သည်။

ဘာသာရေးကိုအခြေခံသည့် ပွဲတော်များမှတစ်ဆင့် ကောင်းမှုကုသိုလ်များ၊ ဗုဒ္ဓအဆုံးအမများ လွှမ်းခြုံမြှင့်တင်ပေးမှသာလျှင် မျိုးဆက်သစ်လူငယ်များ အချင်းချင်းရင်းနှီးချစ်ကြည် လက်တွဲပူးပေါင်းပြီး မကောင်းသောခရီးလမ်းများကို ရှောင်ရှားကာ ကောင်းသောခရီးလမ်းများကို ဆက်ကြမည်ဖြစ်သည်။ မကောင်းသောနယ်ပယ်များသို့ မရောက်ကြဘဲ ကောင်းသောနယ်ပယ်များတွင် ပျော်မွေ့လာ မည်ဖြစ်သည်။ မိမိတို့မိသားစု၊ မိမိတို့ပတ်ဝန်းကျင်နှင့် မိမိတို့နိုင်ငံတော်ကို အကျိုးပြုမည့် အမျိုးကောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာမည် ဖြစ်သည်။

သို့ဖြစ်ရာ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကဲ့သို့ မြတ်ဗုဒ္ဓနှင့်သက်ဆိုင်ရာ ပွဲတော်များတွင် နိုင်ငံတစ်ဝန်းလုံးလွှမ်းခြုံကာ လူကြီးသူမများသာမက မျိုးဆက်သစ်လူငယ် လူရွယ်များပါ ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းဖြင့် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော နိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။