နေပြည်တော် မေ ၁၃
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့တို့၏ အစီအစဉ်ဖြင့် တပ်မတော်သို့ဝင်ရောက်စဉ် အသက် ၁၈ နှစ် မပြည့်သေးသူများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အလိုက်စိစစ်၍ စစ်မှုထမ်းခြင်းမှနုတ်ထွက်ခွင့် ပြုလျက်ရှိရာ ယခုအကြိမ်တွင် ၂၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ပြုလုပ်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်လှမြင့်စိုးနှင့် တပ်မတော်မှ အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နုတ်ထွက်ခွင့်ရရှိသူ ၂၈ ဦးနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများတက်ရောက်ကြသည်။
ဦးစွာ အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရေးချုပ်ရုံး၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုးက အမှာစကား ပြောကြားသည်။ ထို့နောက် တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာဝန်ရှိသူတို့ကပေးအပ်ပြီး နုတ်ထွက်ခွင့်ရရှိသူ ၂၈ ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နုတ်ထွက်ခွင့်ရရှိသူများနှင့် မိဘ/အုပ်ထိန်းသူများကို မြန်မာနိုင်ငံ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလ ပြုစုစောင့်ရှောက်ရေးစခန်းသို့ပို့ဆောင်ပေးပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ဆေးဝါးကုသရန် လိုအပ်မှုရှိ/မရှိ စစ်ဆေး၍လိုအပ်က ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါကကျောင်းပြန်တက်ရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသောအလုပ်အကိုင်ရရှိနိုင်ရန်၊ လိုအပ်သည့်ကျွမ်းကျင်မှုများ သင်ယူရန်၊ ဖြစ်နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်းအသုံးပြုရန် အခြေခံပစ္စည်းများ ဝေငှခြင်း၊ အိမ်အပြန်ခရီးစရိတ်နှင့် စားစရိတ်များ စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည်။
အလားတူ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများ ကို ၁၆ ကြိမ်ပြုလုပ်ခဲ့ပြီး နုတ်ထွက်ခွင့်ရရှိသူ ၁၀၂၉ ဦးကို မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယခု ၁၇ ကြိမ်မြောက်အဖြစ် ၂၈ ဦး လွှဲပြောင်းပေးပြီးပါက စုစုပေါင်း ၁၀၅၇ ဦးအထိ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် အသက် ၁၈ နှစ်မပြည့်သေးသူများ တပ်မတော် အတွင်း ဝင်ရောက်လာမှု မရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြောင်း အမျိုးမျိုးဖြင့်မှားယွင်းစုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံးထွက်ခွင့်ပြုရန် စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။