Skip to main content

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြား

နေပြည်တော် မေ ၁၃

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှစတင်၍ ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ ကျောင်းပြန်လည်တက်ရောက် လျက်ရှိကြသည်။

ယခုကဲ့သို့ တက္ကသိုလ်နှင့်ကောလိပ်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထု လုံခြုံရေးအဖွဲ့များပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြား နိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ပြန်လည်ဖွင့်လှစ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ၂ ခုနှင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၃ ခု၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့်ကောလိပ် ၄၇ ခု၊ ဆရာအတတ်ပညာ ဦးစီးဌာနအောက်ရှိ ပညာရေးဒဂရီကောလိပ် ၂၅ ခု၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ် ၆၀ ခု၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာ ကောလိပ် ၄ ခုနှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ၂၂ ခုတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။